မန်ယူကို အနိုင်ယူပြီးနောက် ချန်ပီယံဆုဖလားအတွက် အေးဆေးတည်ငြိမ်မှုရှိဖို့ ဂွာဒီယိုလာ တိုက်တွန်း

မန်ယူကို အနိုင်ယူပြီးနောက် ချန်ပီယံဆုဖလားအတွက် အေးဆေးတည်ငြိမ်မှုရှိဖို့ ဂွာဒီယိုလာ တိုက်တွန်း
Photos: EPA

မန်စီးတီးအသင်းဟာ မန်ယူအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုဖလားလုပွဲမှာ လီဗာပူးလ်ကို ၁ မှတ်အသာနဲ့ ဦးဆောင်လိုက်ပြီးနောက် နည်းပြ ပက် ဂွာဒီယိုလာက တည်တည်ငြိမ်ငြိမ်ထားရှိဖို့ သူ့အသင်းကို တိုက်တွန်းလိုက်ပါတယ်။

မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ယူအသင်းဟာ ၎င်းတို့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ မန်စီးတီးရဲ့ ဘာနာဒို ဆေးလ်ဗား၊ ဆာနေးတို့ရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် အရေးနိမ့်ခဲ့ပါတယ်။ ဒါဟာ မန်ယူအတွက် ၉ ပွဲမှာ ၇ ပွဲအထိ ရှုံးပွဲတွေ့ကြုံသွားတာဖြစ်သလို အဆင့် ၄ နေရာဝင်ဖို့ ၃ မှတ်အထိ ဆုံးရှုံးသွားတာလည်းဖြစ်ပါတယ်။

စီးတီးအသင်းက ပြီးခဲ့တဲ့ ရာသီက စံချိန်တင်ရမှတ် ၁၀၀ ကိုတော့ လိုက်မီမှာမဟုတ်ပေမယ့် ဘန်လေ၊ လက်စတာနဲ့ ဘရိုက်တန်တို့ကို အနိုင်ရအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် ၉၈ မှတ်ထိ ရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တဖက်မှာ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ကလပ်အသင်းရဲ့ စံချိန်တင် ရမှတ်ကို ရရှိထားပေမယ့် အသင်းရဲ့ ၂၉ နှစ်ကြာ စောင့်စားခဲ့ရတဲ့ အမှတ်ပေးဖလား အိပ်မက်ကို လက်လွတ်ရဖို့ ရှိနေပြန်ပါတယ်။

"ကျနော်တို့ဟာ ပြီးခဲ့တဲ့ ရာသီမှာ ရမှတ် ၁၀၀ နဲ့ ပရီးမီးယားလိဂ်မှာ အဆင့်အတန်း တိုးတက်ခဲ့ပါတယ်။ ဒီအဆင့်အတန်းမျိုးကို လီဗာပူးလ်က လိုက်နေပါတယ်။ သူတို့ရဲ့ စွမ်းဆောင်လာတာတွေက မယုံနိုင်စရာပါပဲ။ ဒါပေမယ့် ဖလားရဖို့က ကျနော်တို့အပေါ်ပဲ မူတည်ပါတော့တယ်။"လို့ ဂွာဒီယိုလာက ပြောပါတယ်။

"နှစ်သင်းစလုံး (လီဗာပူးလ်နဲ့ မန်စီးတီး)က ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ထိုက်တန်ပါတယ်။ ဖလားနဲ့ လွဲချော်ခဲ့ရင်တောင်မှ နောင်တရမနေသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အရာအားလုံးကို ပေးဆပ်ပြီးလို့ပါ။"

စီးတီးနည်းပြ ဂွာဒီယိုလာအနေနဲ့ အိုးထရက်ဖို့ဒ်မှာ မန်ယူအသင်းကို ၃ နှစ်ဆက်တိုက် အနိုင်ယူပြနိုင်တဲ့ ပထမဆုံးနည်းပြလည်းဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ဂွာဒီယိုလက တနင်္ဂနွေနေ့မှာ ဘန်လေနဲ့ ပွဲက ကွာပြားခြားနားတဲ့ စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့ အသင်းကို သတိပေးသွားပါတယ်။

"ပုံမှန်အားဖြင့်တော့ ဒီလိုမျိုး နိုင်ပွဲအတွက် ခင်ဗျား ပျော်ရွှင်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အေးဆေးတည်ငြိမ်ရပါမယ်။"

"အခုဆိုရင် ဘန်လေနဲ့ အဝေးကွင်းကစားရမှာဖြစ်ပြီး အဲဒီပွဲက ဘယ်လောက်ခက်ခဲလိမ့်မယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။ ကျနော်တို့ဟာ အခုထိ ချန်ပီယံအသင်း မဟုတ်သေးပါဘူး။ ၃ ပွဲကစားဖို့ရှိပါသေးတယ်။ ကျနော်တို့နဲ့ လီဗာပူးလ်တို့ ရရှိတဲ့ ရမှတ်တွေက မယုံနိုင်စရာပါပဲ။"

"မနက်ဖြန်အတွက် မစိုးရိမ်ပါနဲ့၊ တီဗွီ မကြည့်ပါနဲ့၊ အနားယူပြီး အိပ်ရေးဝဝအိပ်ပါလို့ ကစားသမားတွေကို ကျနော် ပြောခဲ့ပါတယ်။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly