ကျောက်ကပ်ဝေဒနာရှင်တွေ မတည့်ပေမယ့် ဆေးဖက်ဝင်တဲ့ စောင်းလျားသီး

ကျောက်ကပ်ဝေဒနာရှင်တွေ မတည့်ပေမယ့် ဆေးဖက်ဝင်တဲ့ စောင်းလျားသီး

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

  

ကြယ်တာရာလို့တောင် အမည်ပေးတင်စားထားတဲ့ စောင်းလျားသီးဟာ လှီးဖြတ်လိုက်တဲ့အခါမှာ တကယ်လည်း ကြယ်ပွင့်ပုံစံပါပဲ။  အရသာက ချဉ်ပြုံးပြုံးနဲ့ အရည်ရွှမ်းပြီး စားကောင်းတဲ့ အသီးတစ်မျိုးပါ။ သွားကျိန်းလို့ မစားရဲကြဘူးဆိုသူတွေတောင် စောင်းလျားသီးယို၊ စောင်းလျားသီးနဲ့ချဉ်စပ်နှပ်ထားတဲ့လက်ဖက်တို့ကို စားရင် ကြွေသွားနိုင်ပါတယ်။ စောင်းလျားသီးမှည့်ပြီဆို ချဉ်ပြုံးပြုံးအရသာလေးမှာ သကြားခတ်ထားသလို အရသာနဲ့ တကယ်ကိုစားလို့ကောင်းပါတယ်။

ဒါပေမယ့် ဟိုးအရင်ကအိမ်ရှေ့တွေမှာ စိုက်ထားတတ်တဲ့ စောင်းလျားပင်လေးတွေက အခုတော့ရှားပါးနေပါပြီ။ အပင်ရှိနေသေးတဲ့အိမ်တွေမှာဆိုလည်း တန်ဖိုးမစား၊ သိပ်မစားကြတော့ လမ်းပေါ်မှာပြန့်ကျဲ။ တကယ်တော့ တန်ဖိုးမကြီးတဲ့ သဘာဝအသီးအနှံ၊အပင်လေးတွေက ဆေးဖက်ဝင်တာ လူသိနည်းကြပါတယ်။ ဥပမာ ငယ်ငယ်ကဆော့ကြ၊စားကြတဲ့ ဗောက်သီးကဆေးဖက်ဝင်မှန်းသိလာတဲ့အခါ နိုင်ငံခြားမျိုးတွေကို စျေးကြီးပေးပြီးမှာယူကြတယ်။ အခုလို တန်ဖိုးမထားကြတဲ့ သဘာဝဆေးဖက်ဝင်အသီးလေးတွေကို တန်ဖိုးသိလာတဲ့အခါ လွယ်လွယ်နဲ့ရှာဝယ်လို့မရနိုင်တော့ဘူး၊ စျေးကြီးပေးပြီးလိုက်ဝယ်ရတော့တာပါပဲ။ ခုတော့ အရမ်းမရှားသေးခင် တန်ဖိုးထားပေးလိုက်ပါ။ စောင်းလျားသီးက ဘယ်လိုအဖိုးတန်လဲဆိုတော့ …

အရွယ်တော် စောင်းလျားသီးတစ်လုံး (၉၁ ဂရမ်ခန့်)မှာ ဗီတာမင် C ကအများဆုံးဆိုပေမယ့် အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင် B5၊ ဖောလိတ်၊ ကော့ပါး၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ တစ်ခါစားအတွက် ကယ်လိုရီ ၂၈ နဲ့ ကာဗိုဟိုက်ဒရိတ် ၆ ဂရမ် ပါဝင်ပါတယ်။
ကင်ဆာကာကွယ်တယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝလို့ ခန္ဓာကိုယ်ထဲက  free radicals အဆိပ်အတောက်တွေကို ပျက်ပြယ်သန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုလည်းများလို့ အူမကြီးမှာ ကျန်ရစ်နေတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပြီး အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။
အရောင်ကျစေနိုင်တယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းမှုလျော့ကျစေနိုင်တဲ့ flavonoids တွေပါဝင်လို့ တစ်ရှူးတွေပျက်စီးစေနိုင်တဲ့ free radicals တွေကို ဟန့်တားနိုင်ပါတယ်။
နို့ထွက်များစေတယ်

နို့တိုက်မိခင်တွေအတွက်က ကလေးအတွက် နို့ရည်အလုံအလောက်ထွက်ရှိနိုုင်ဖို့ အရေးကြီးဆုံးပါ။ တခြားအာဟာရတွေလည်း စားလို့ရပေမယ့် တခါတလေချင့်ချိန်စားသုံးရင် နို့ထွက်များအောင် အထောက်အကူပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ အရေးကြီးတာက သိပ်လည်းမစိမ်း၊ အမှည့်မလွန်ခင် စားဖို့ပါ။
နှလုံးအတွက်ကောင်းတယ်

စောင်းလျားသီးမှာပါတဲ့ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်တွေဟာ electrolyte မှာပါဝင်တဲ့အရေးကြီးဓာတ်တွေဖြစ်ပြီး သွေးဖိအားကိုထိန်းညှိဖို့ အရေးပါတဲ့အရာတွေပါ။ နှလုံးကြွက်သားအပါအဝင် ခန္ဓာကိုယ်ရဲ့ကြွက်သားလုပ်ဆောင်ချက်တွေကို ထိန်းညှိပေးတဲ့ မဂ္ဂနီဆီယမ်ကြောင့် ဆိုဒီယမ်ကိုလည်း ထိန်းနိုင်တယ်။ ကိုလက်စထရောကိုလည်း ကျစေလို့ နှလုံးအတွက် ဆေးတစ်လက်ဖြစ်နေတာပါ။
ကိုယ်ခံအားကောင်းစေတယ်

စောင်းလျားသီးမှာ ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး အအေးမိတုပ်ကွေးနဲ့တခြားရောဂါပိုးတွေကိုလည်း ကာကွယ်နိုင်တယ်။
အသားအရေလှစေတယ်

ဗီတာမင် C လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အဆိပ်အတောက်တွေမှန်သမျှ ကူညီဖယ်ရှားပေးနေတော့ ဆိုင်မှာသွားပြီး အဆိပ်ထုတ်စရာမလိုတော့ပါဘူး။ အသားအရေပိုလှပြီး ဝက်ခြံကင်းဖို့၊ ရေဓာတ်ဖြည့်တင်းပြီး ချောမွတ်စေဖို့၊ အရေးအကြောင်းတွေလျော့စေဖို့ စောင်းလျားသီးက ကူညီပေးမှာပါ။
အဆီကျစေတယ်

ချဉ်စော်ကားသီးခြောက်တို့ ဘာတို့ကို တကူးတကဝယ်ပြီး ရေစိမ်သောက်ကြမယ့်အစား စျေးမကြီးတဲ့ စောင်းလျားသီးကို မသုံးချင်ကြဘူးလား။ သတ္တုဓာတ်နဲ့အမျှင်ဓာတ်တွေကြွယ်ဝနေတော့ အဆီချအစီအစဉ်လုံးပမ်းနေသူတွေအတွက် ကွက်တိပါပဲ။ ရေဓာတ်လည်းဖြည့်ဆည်းပေးနိုင်လို့ အားကစားလုပ်တဲ့အချိန်မှာဆို အဆင်ပြေတယ်၊ electrolytes တွေထိန်းညှိပေးနိုင်မယ့်သတ္တုဓာတ်တွေ ရောနှောပါဝင်လို့ အသုံးဝင်ပါတယ်။
သတိထားဖို့က –

စောင်းလျားသီးဟာ oxalate ပမာဏပါဝင်မှုများလို့ တချို့သူတွေမှာ ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်မကောင်းသူ၊ ကျောက်ကပ်ရောဂါရှိသူတွေအတွက်တော့ ဖျော်သောက်တာတွေမလုပ်သင့်ပါဘူး။ ကျောက်ကပ်ရောဂါအခံရှိသူတွေ စောင်းလျားသီးကိုအမြဲစားသုံးရင် ကျောက်ကပ်ထိခိုက်စေမယ်၊ အာရုံကြောဆိုင်ရာပြဿနာတွေဖြစ်စေနိုင်တယ်၊တက်တာ၊ အသက်ဆုံးရှုံးတာအထိဖြစ်နိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly