ခွေးကိုက်ခံရလူနာများအား သီးသန့်ကုသပေးမည့် DBC စင်တာကို ရန်ကုန်တွင် စတင်ဖွင့်လှစ်မည်

ခွေးကိုက်ခံရလူနာများအား သီးသန့်ကုသပေးမည့် DBC စင်တာကို ရန်ကုန်တွင် စတင်ဖွင့်လှစ်မည်
Photo: EPA

နေပြည်တော်၊ ဧပြီ ၂၄ ။       ။ ခွေးကိုက်ခံရသည့်လူနာများအတွက် ရန်ကုန်မြို့ရှိ ဆေးရုံအချို့တွင် “Dog Bite Center(ခွေးကိုက်ခံရသည့်လူနာများအား ကုသပေးရေးဌာန-DBC) ကို ဧပြီအတွင်း သီးသန့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“အမြန်ဆုံးဖွင့်တော့မယ် ။ ဒီလပိုင်းမှာကို ကျွန်တေ်ာတို့ ဖွင့်တော့မယ်။ ဘာမှ မခက်ဘူး၊ အဆင်သင့်ပဲ။ ရေခဲသေတ္တာလေးတစ်လုံး ဝယ်ပေးရမယ်။ ဆရာဝန်တွေက ဒီဆေးရုံမှာ တာဝန်ရှိတဲ့ MO တွေကို တာဝန်ပေးထားမှာပေါ့။ လူနာလာမှ ဒီဆရာဝန်က လာစရာ လိုတယ်။ လူနာ မလာရင် သူ့အလုပ် သူလုပ်နေလေ။ သူနာပြုဆရာမက လူနာလာမှ လာမယ်လေ။ဆေးတွေ အကုန်လုံးက အဆင်သင့်ရှိနေတယ်။ လာရင်ထိုးမယ်”ဟု ဒေါက်တာမြင့်ထွေးက ဧပြီ ၂၄ ရက်တွင် ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ယခင်ကတည်းက ခွေးရူးပြန်ရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးနေသော်လည်း လာရောက်ထိုးနှံသူ နည်းပါးနေသည်။ 

ကျန်းမာရေးဝန်ကြီးဌာန စာရင်းဇယားများအရ ၂၀၁၈ ခုနှစ်တွင် ခွေးကိုက်ခံရသူ ၁၉၀၀၀၀ ကျော် ရှိခဲ့ပြီး လက်ရှိတွင် ခွေးကိုက်ခံရလူနာများအတွက် သီးသန့်ကုသရေးစင်တာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 

ဆေးအလေအလွင့်မရှိစေရန်နှင့် ကုသရေးအတွက် အလွယ်တကူ ဖြစ်စေရန် ၊ ခွေးကိုက်ခံရမှု အများဆုံးနေရာများတွင် ထိုကဲ့သို့ Dog Bite Center ကို ဖွင့်လှစ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

“ဆေးတွေက ဒီနေ့ တစ်ယောက် လာတယ်ဆိုရင် ကျန်တဲ့ဆေးတွေက လွှင့်ပစ်ရတယ်။ (ယခင်ကဆေးရုံများမှာ တစ်ယောက်လာပြီး ကျန်သူများမလာရင်) ။ Dog Bite Center ဖွင့်တာက လူက သုံး၊ လေးယောက် လာမယ်ဆိုရင် ကြာကြာခံတယ်။ ဆေးက ခြောက်နာရီလောက် ခံတာကိုး။ ကျန်တဲ့ တစ်ဝက်လောက်ကျန်တဲ့ဟာကို နောက်တစ်ယောက်ကို ထိုးလို့ရတယ်။ ထိုးတာမှာလည်း လွယ်လွယ်ကူကူဆိုရင် အသားထဲထိုးတာ လွယ်တယ်။ အသားထဲ ထိုးလိုက်တယ်။ အခု အဲ့လိုမဟုတ်ဘူး ။ အရေပြားကို ရှပ်ပြီး ထိုးရတာ။ အပ်ထိုးလိုက်တာနဲ့ အဖြူဖုလေးပေါ်လာမယ်။ ပြီးမှ ဆေးကို ထိုးရတယ်။ ဆေးက ထက်ဝက်ကျော်ကျော်ကို သက်သာတယ်။ အရင်တုန်းကဆေးတစ်လုံးကို တစ်ယောက်ပဲထိုးရင်အခုက နှစ်ယာက် ထိုးလို့ ရတယ်။ အဲဒါကြောင့် Dog Bite Center ဖွင့်တာပေ့ါနော်။အောင်မြင်မယ်ဆိုရင် ကျွန်တေ်ာတို့ ဆက်လုပ်မှာ။ မအောင်မြင်စရာလည်း အကြောင်းမရှိပါဘူး”ဟု ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ပြီးခဲ့သည့်၂၀၁၈-၁၉ ခုနှစ်တွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးတစ်မျိုးတည်းအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၅.၄ ဘီလီယံ ခန့် ဝယ်ယူသုံးစွဲခဲ့သည်ဟု ဝန်ကြီးဌာနဘက်မှ ဆိုသည်။

တခါတလေတွင် ဆေးပြတ်လပ်မှုကို ကြုံတွေ့ခဲ့ရသည့်အတွက် ယခုကဲ့သို့ စင်တာကို သပ်သပ်ခွဲထုတ်ပြီး ဖွင့်လိုက်ပါက ဆေးကို ချိန်ကာ သုံးစွဲ၍ ရကြောင်း  ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ဆိုသည်။

“ရန်ကုန်တိုင်းမှာတော့ လူအများလည်း အဆင်ပြေမဲ့ဆေးရုံတွေလည်း ဖြစ်ရမယ်။ နောက်တစ်ခုက သွားရေးလာရေး အဆင်ပြေတဲ့ဆေးရုံတွေလည်း ရှိရမယ်။ ရန်ကုန်ဆေးရုံကြီးတို့၊သင်္ဃန်းကျွန်းတို့၊အင်းစိန်တို့ ၊ မြောက်ဥက္ကလာတို့ လောလောဆယ် ရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတာပေ့ါ” ဟု ၄င်း ညွှန်ကြားရေးမှူးက ဖွင့်လှစ်မည့်နေရာနှင့် ပတ်သက်ပြီး ပြောသည်။

ဆက်လက်ပြီး “လမ်းမှာခွေးတွေကလည်းများလာတယ်။ အဆမတန်တွေများလာတာရှိတော့ ဘာဖြစ်လဲဆိုတော့ ခွေးနဲ့ လူနဲ့ ထိတွေ့မှုတွေများလာတော့ ကျွန်တော်တို့ ဆေးရုံတွေမှာ လာပြီးတော့ဆေးကုသမှုတွေများတဲ့ အခါကြတော့ ဆေးက တစ်နေ့၊ တစ်နေ့ကို အလျင်မီအောင် တော်တော်လေး စီစဉ်နေရတာ။ တခါတလေကြတော့လည်း ဆေးပြတ်လပ်မှုတွေ ကြုံနေရတာပေ့့ါ။ ဒါလေးတော့ မဖြစ်စေချင်လို့ DBC( Dog Bite Center) ကို ကြိုးစားပြီးလုပ်တာပေ့့ါ” ဟု ဒေါက်တာထွန်းတင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ခွေးလေခွေးလွင့်အရေအတွက် များပြားနေပြီး လူအများစုက အကိုက်ခံရသော်လည်း ဆေးရုံသို့လာရောက်ခြင်း နည်းပါးကြသည်။ 

ထို့ကြောင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ဆေးရုံများတွင် အခမဲ့ထိုးပေးခဲ့သည့်အချိန်များမှ စတင်ကာ စစ်တမ်းများကို ကောက်ယူထားပြီး ခွေးကိုက်ခံရမှု အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် ထုုိကဲ့သို့ Dog Bite Center ကို ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် မန္တလးတိုင်းတွင်ပါ တစ်ချိန်တည်း DBC စင်တာကို ဖွင့်လှစ်ပေးရန် ကြိုးစားနေသည် ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly