တင်ဒါစည်းမျဉ်းအပေါ် လက်တစ်လုံးခြားအသုံးချမှု ပြင်းပြင်းထန်ထန် အရေးယူမည်ဟု သမ္မတ သတိပေး

တင်ဒါစည်းမျဉ်းအပေါ် လက်တစ်လုံးခြားအသုံးချမှု ပြင်းပြင်းထန်ထန် အရေးယူမည်ဟု သမ္မတ သတိပေး
 (ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး)

 လုပ်ထုံးလုပ်နည်းနှင့် မညီသည့် တင်ဒါခေါ်ယူမှုများနှင့် တင်ဒါ စည်းမျဉ်းအပေါ် လက်တစ်လုံးခြား လုပ်ကိုင်မှု များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးလိုက်သည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ဧပြီလ ၂၄ရက်က ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ သမ္မတဦးဝင်းမြင့်က ထိုသို့ လမ်းညွှန်မှာကြားလိုက်ခြင်း ဖြစ်သည်။

  “သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည့် တင်ဒါခေါ်ယူမှုများ၊ တင်ဒါ စည်းမျဉ်းများအတွင်း လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းကို ထပ်မံ သတိပေးလိုပါကြောင်း” သမ္မတ ဦးဝင်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက နိုင်ငံ့ဘဏ္ဍာငွေများကို အလေအလွှင့် နည်းစွာ သုံးစွဲမည်ဆိုပါက တင်ဒါစည်းကမ်း၊ တင်ဒါလုပ်ပိုင်ခွင့်များ မှန်ကန်ရန်နှင့် တင်ဒါပေးမည့် စီမံကိန်းသည် မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိရန် လိုအပ်သည်ဟု မှတ်ချက်ပြုသည်။

“တချို့က စားပွဲပေါ်က ရေးဆွဲပြီးတော့ သက်ဆိုင်ရာဒေသ မဆင်းတဲ့အခါကျတော့ ဘတ်ဂျက်တွေဟာ အလေအလွှင့် ဖြစ်သွားတယ်။ နောက်တစ်ခါ လာဘ်ပေး၊ လာဘ်ယူ အများကြီး ရှိတယ်။ လာဘ်ပေးလာဘ်ယူ မရှိဘူးဆိုရင် တင်ဒါသမားတွေက မရနိုင်ဘူး။ အဲ့အပေါ်မှာ သူပြိုင်ကိုယ်ပြိုင်နဲ့ ရာခိုင်နှုန်း တော်တော်များများ ကျန်ခဲ့ပြီ။ တင်ဒါဆွဲတဲ့ စီမံကိန်းတွေဟာ အောက်ခြေမြေပြင်ကို တိတိကျကျ မဖော်ပြနိုင်တာရယ်၊ အဂတိ များတာရယ်ကြောင့် ပြည့်ပြည့်ဝဝ မလုပ်နိုင်တော့ဘူး။ ဒါကြောင့် ဘဏ္ဍာငွေတွေ အလေအလွှင့်များတယ်” ဟု ဦးဖေသန်းက မဇ္ဈိမကို ပြောသည်။

 တိုင်းနှင့်ပြည်နယ်အစိုးရများအနေဖြင့် နိုင်ငံ့ဘဏ္ဍာဖြစ်သည့် ဖြည့်စွက်ခွင့်ပြုငွေများကို သုံးစွဲရာတွင် မိမိတို့ ဒေသအတွက် ဟန်ပြဖြစ်စေမည့် လုပ်ငန်းမျိုး မဖြစ်စေဘဲ ဒေသခံပြည်သူများအတွက် အကျိုးရှိ ထိရောက်သည့် လုပ်ငန်းများတွင် သုံးစွဲရန်လည်း ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် သမ္မတက ထည့်သွင်း ပြောဆို သည်။

 “တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေများကို မိမိတို့ဒေသ အတွက် ဟန်ပြ ဖြစ်စေမည့် လုပ်ငန်းမျိုးမဖြစ်စေဘဲ ဒေသခံပြည်သူများအတွက် အကျိုးရှိ ထိရောက်သည့် လုပ်ငန်းများတွင် အသုံးပြုသွားကြရန်” တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ် အားလုံးတက်ရောက်သည့် အစည်းအဝေးတွင် သမ္မတက ပြောသည်။

 ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေကလည်း ယခုကျင်းပသည့် အစည်းအဝေးတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအကျိုးရှိ ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် များသို့ ထပ်မံထောက်ပံ့ငွေကိုသာ အတည်ပြုမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့် ဌာန/ အဖွဲ့အစည်းများ၏ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုများအပေါ် ပြင်ဆင်ပြောင်းလဲရန်မရှိကြောင်း ပြောကြားခဲ့သည်။

 ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ ရငွေ ငွေကျပ်၂၁၈၆၈ ဘီလီယံ၊ သုံးငွေ ငွေကျပ် ၂၇၁၈၈ ဘီလီယံ၊ ဂျီဒီပီ တန်ဖိုးငွေ ကျပ် ၁၀၅၇၂၆ ဘီလီယံ၊ အသားတင်လိုငွေ ငွေကျပ် ၅၃၂၀ ဘီလီယံ ဖြစ်ပြီး လိုငွေ နှင့် ဂျီဒီပီ အချိုးမှာ ၅ ဒသမ ၀၃ ရာခိုင်နှုန်း ဖြစ်သည်။

 အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီ ဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly