ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် ရေချွေတာ အသုံးပြုရန် ရန်ကုန်မြို့တော်ဝန် တိုက်တွန်း

ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် ရေချွေတာ အသုံးပြုရန် ရန်ကုန်မြို့တော်ဝန် တိုက်တွန်း
 ဓာတ်ပုံ- ဦးမောင်မောင်စိုး Facebook

ရန်ကုန်၊ ဧပြီလ ၂၄ ။               ။ ရာသီဥတုပူပြင်းခြောက်သွေ့၍ ရေသုံးစွဲမှုများပြားခြင်းနှင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုဖြစ်ပေါ်ခြင်းတို့ ကြောင့် ရေဖိအားလျော့နည်းကျဆင်းမှုများ လတ်တလော ဖြစ်ပေါ်လျက်ရှိသဖြင့် ရေချွေတာစုဆောင်းအသုံးပြု ကြပါရန် ရန်ကုန်တိုင်းမြို့တော်ဝန် ဦးမောင်မောင်စိုးက အသိပေးပြောကြားထားသည်။

 ဧပြီလ ၂၄ ရက်နေ့၊ ညနေပိုင်းတွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက ၎င်း၏ Facebook စာမျက်နှာမှ တဆင့် အသိပေးပြောကြားထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းနေထိုင်သူများအတွက် ယခုနှစ်နွေရာသီအတွင်း ရေလိုအပ်ပြည့်မှီလုံလောက်စွာ ပေးဝေနိုင် ကြောင်း၊ ထိုသို့ သောက်သုံးရေ အဆက်မပြတ်ပေးဝေရန်အတွက် လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ် ရေလှောင် ကန်နှင့် ညောင်နှစ်ပင်ရေသန့်စင်စက်ရုံမှ ရေအား၊ လျှပ်စစ်ဓါတ်အားအသုံးပြုပြီး ရေတွန်းစက်ကြီးများ လည်ပတ် မောင်းနှင်၍ မြို့နယ်အသီးသီးသို့ ရေပေးဝေလျက်ရှိပါကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြား ထားသည်။

 ရေလှောင်ကန်ကြီးများ၏ ရေသိုလှောင်မှု အနေဖြင့် ယခင်နှစ်ကထက် လှော်ကားကန်တွင် ကန်ရေအမြင့် ၁၃ လက်မခန့်၊ ဖူးကြီးကန်တွင် ကန်ရေအမြင့် ၂ လက်မခန့်၊ ဂျိုးဖြူကန်တွင် ယခင်နှစ်ကန်ရေချိန်အတိုင်း သိုလှောင် ပေးဝေနိုင်သောကြောင့် ယခုနှစ်နွေရာသီ ရေလိုအပ်ချက်အား ပြည့်မှီလုံလောက်စွာ ပေးဝေနိုင်သည်ဟု မြို့တော်ဝန်က ဆိုသည်။

လက်ရှိတွင် မြို့နယ်အသီးသီးရှိ ထပ်ဆင့်ရေတွန်း စက်ရုံများဖြစ်သည့် ပါရမီ ရေတွန်းစက်ရုံ၊ ကျိုက္ကဆံရေတွန်း စက်ရုံ၊ ဂန္ဓမာ ရေတွန်းစက်ရုံ၊ မြို့ဦးရေတွန်းစက်ရုံ၊ ရေနံ့သာရေတွန်းစက်ရုံ၊ သုဝဏ္ဏရေတွန်းစက်ရုံ၊ ရွှေ အင်ကြင်း ရေတွန်း စက်ရုံ၊ ဘုရင့်နောင်ရေတွန်းစက်ရုံ၊ ရွှေပေါက္ကံရေတွန်းစက်ရုံ၊ သဲဖြူ ရေတွန်းစက်ရုံ၊ ရန်ကုန် ပေါက်ရေတွန်းစက်ရုံ၊ ဒလရေတွန်းစက်ရုံ၊ ဒဂုံတောင်ရေတွန်းစက်ရုံအမှတ်(၁)၊ ဒဂုံတောင် ရေတွန်းစက်ရုံ အမှတ်(၂)၊ ယုဇန ဥယျာဉ် မြို့တော်ရေတွန်းစက်ရုံ အစရှိသည့် ရေတွန်းစက်ရုံများနှင့် မြေအောက် ရေပေး ဝေရေးစနစ်မှ ရေတွန်းစက်ရုံများ၊ ထပ်ဆင့်ရေတွန်းစက်ရုံများဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးသို့ ရေဖြန့်ဖြူး ပေးဝေလျက်ရှိပါသည်။

 သို့သော် ထိုသို့ပေးဝေလျက်ရှိသော်လည်း ရာသီဥတုပူပြင်းခြောက်သွေ့၍ ရေသုံးစွဲမှု များပြားလာခြင်း၊ လျှပ်စစ် ဓါတ်အား ပြတ်တောက်မှုဖြစ်ပေါ်ခြင်းတို့ကြောင့် ရေဖိအားလျော့နည်းကျဆင်းမှုများ လတ်တလောဖြစ်ပေါ် လျက်ရှိသည့်အတွက်  ရေချွေတာစုဆောင်းအသုံးပြုကြပါရန် တိုက်တွန်းရခြင်းဖြစ်ကြောင်းသိရသည်။

ရေလိုအပ်ချက်ရှိပါကလည်း (က) အရှေ့ပိုင်းခရိုင်ရုံး - ၀၉၂၅၀၂၈၃၈၂၃၊ (ခ) အနောက်ပိုင်းခရိုင်ရုံး - ၀၉၂၅၀၂၈၃၈၁၂၊ (ဂ) တောင်ပိုင်းခရိုင်ရုံး - ၀၉၅၀၅၄၅၆၅၊ (ဃ) မြောက်ပိုင်းခရိုင်ရုံး - ၀၉၂၅၃၈၃၅၂၇၅ စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်တောင်းခံနိုင်ကြောင်း အသိပေးထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly