Team PT ကို အာဆီယံဒေသအတွင်း နာမည်ရလာသည့် Gym တစ်ခုဖြစ်လာစေရန် ဖိုးသော်ရည်မှန်းထား

Team PT ကို အာဆီယံဒေသအတွင်း နာမည်ရလာသည့် Gym တစ်ခုဖြစ်လာစေရန် ဖိုးသော်ရည်မှန်းထား

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသည် ONE Championship ၏ မိတ်ဆက်ပေးမှုဖြင့် မြန်မာနိုင်ငံတွင် လူသိများလာခဲ့သော်လည်း လေ့ကျင့်ရေးနေရာ (Gym) များနှင့် နည်းပညာပိုင်းတွင် လိုအပ်ချက်များစွာရှိနေသေးသည်။

ရိုးရာလက်ဝှေ့ကစားသမားတစ်ဦးအဖြစ်မှ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားတစ်ဦး ဖြစ်လာခဲ့သည့် ဖိုးသော်သည် Team PT အမည်ရှိ Gym ကို တည်တောင်ထားပြီး ထို Gym ကို နိုင်ငံတကာအဆင့်မီအနေအထား ရောက်ရှိလာနိုင်စေရန်အတွက် ကြိုးပမ်းလျှက်ရှိသည်။

“ကျွန်တော်အနေနဲ့ကတော Team PT ကို အရှေ့တောင်အာရှမှာ နာမည်တစ်လုံးရလာတဲ့ လေ့ကျင့်ရေးစင်တာတစ်ခု ဖြစ်လာဖို့အထိရည်မှန်းထားပါတယ်။” ဟု ဖိုးသော်က ဆိုသည်။

ဖိုးသော်သည် ၎င်း၏ Team PT ကို ပထမအဆင့်အနေဖြင့် အဆင့်မီကိုယ်ကာယလေ့ကျင့်ရေးခန်းမတစ်ခုအဖြစ် အဆင့်မြှင့်တင်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံရှိ LL Fitness နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

LL Fitness သည် ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်း Fitness Gym တစ်ခုဖြစ်ပြီး အီတလီနိုင်ငံသား Lorenzo Lazafame က တည်ထောင်ထားသည်။

“Lorenzo Lazafame အနေနဲ့ ကျွန်တော်တို့ Team PT ကို လေ့ကျင့်ရေးနည်းစနစ်ပိုင်းနဲ့ System Operation အပိုင်းတွေကို ကူညီမှာပါ။” ဟု Team PT ကို တည်ထောင်သူ ကိုဖိုးသော်က ပြောကြားခဲ့သည်။  

လက်ရှိအချိန် မြန်မာနိုင်ငံတွင် ပရော်ဖက်ရှင်နယ်အဆင့် ကိုယ်ခံပညာသိုင်းပေါင်းစုံလေ့ကျင့်ရေးခန်းများ ပေါ်ထွက်လာခြင်းမရှိသေးသောကြောင့် မြန်မာ့ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများသည် ပြည်ပနိုင်ငံများသို့ သွားရောက်၍ လေ့ကျင့်မှုများ ပြုလုပ်နေရသည်။

မြန်မာနိုင်ငံ ကိုယ်စားပြု ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများဖြစ်ကြသော ဖိုးသော်နှင့် အဲအဲတို့သည် ထိုင်းနိုင်ငံ၊ ဖူးခက်ရှိ Tiger Mauy Thai Gym တွင်လည်းကောင်း၊ အန်တိုနီယာနှင့် ပုညစိုင်းတို့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ရှိ Bali MMA တွင်လည်းကောင်း အသီးသီးလေ့ကျင့်လျက်ရှိသည်။
 

“ကျွန်တော်တို့က Stand Fight အပိုင်းပဲ ကျွမ်းကျင်ကြတာပါ။ Ground Fight အပိုင်းကို ဒီမှာ သင်ကြားပေးနိုင်တဲ့သူမရှိဘူး။ ကျွန်တော်တို့ကိုယ်တိုင် အင်တာနက်ကနေ၊ YouTube ကနေတဆင့် လေ့ကျင့်နည်းတွေ ကြည့်ပြီး လေ့ကျင့်နေရတော့ အဆင်မပြေမှုတွေရှိတယ်။ ဒါကြောင့် ပြည်ပထွက်ပြီး တကယ်ထူးချွန်တဲ့
 နည်းပြဆရာတွေနဲ့ ပူးတွဲလေ့ကျင့်ရပါတယ်” ဟု ဖိုးသော်က အင်တာဗျူး တစ်ခုတွင် ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly