ငါန်းဇွန်မြို့နယ်တွင် ဆေးခြောက်စိုက်သော အမေရိကန်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများကို ဖမ်းဆီး

ငါန်းဇွန်မြို့နယ်တွင် ဆေးခြောက်စိုက်သော အမေရိကန်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများကို ဖမ်းဆီး
 ဓာတ်ပုံ-မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီ

ရန်ကုန်၊ ဧပြီလ ၂၄ ။       ။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန် အမှတ်(၄)လမ်းရှိ ဆေးခြောက်စိုက်ခင်း နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် စိုက်ခင်းမန်နေဂျာ မြန်မာလူမျိုးနှစ်ဦးကို မူးယစ်ဆေးဝါး ဥပဒေတို့ဖြင့် အမှုဖွင့်ထားပြီဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“အမှုဖွင့်ထားတာမှန်ပါတယ်။ အချက်အလက်တွေကတော့ ပြောလို့မရသေးပါဘူး။ တချို့လည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဘယ်သူတွေဆိုတာတော့ မပြောလိုသေးပါဘူး”ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

 အဆိုပါ စိုက်ခင်းနှင့် ပတ်သက်ပြီး စိုက်ခင်းတာဝန်ခံ ဖြစ်သော အသက် ၃၇ နှစ်အရွယ် ကိုရှိုင်းလတ်၊ အသက် ၂၂ နှစ်အရွယ် မရွှန်းလဲ့မြတ်နိုးနှင့် အမေရိကန်နိုင်ငံသား အသက် ၆၃ နှစ်အရွယ် John Fredric နှင့် အသက် ၄၉နှစ်အရွယ်ရှိ Alexandra Skemp (မမိသေး) တို့ကို မန္တလေး (တောင်ပိုင်း)၊ မူးတပ်ဖွဲ့စု(၁၈)မှ တရားလို ပြုလုပ်၍ ငါန်းဇွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးဥပဒေပုဒ်မ- ၁၆(က)၊ ၁၉(က)၊ ၂ဝ(က)(ခ)၊  ၂၁ အရ အမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း ငါန်းဇွန်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

 ဓာတ်ပုံ-မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီ

“ မနေ့ကတော့ မူးယစ်တပ်ဖွဲ့ကနေပြီးတော့ ငါန်းဇွန်မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်  တိုင်တန်းထားတယ်။ သူတို့ငြိစွန်းတယ်၊ တိုင်တန်းတာ၊ စွပ်စွဲတာ မှန်တယ်ဆိုရင် ဒါ တရားရုံးရဲ့ ဆုံးဖြတ်ချက် ပါပဲဗျ။ လောလော ဆယ် ကျွန်တော်သိသလောက်တော့ မူးယစ်အဖွဲ့က အမှုဖွင့်ထားတယ်။ ရဲစခန်းကတော့ အမှုလက်ခံတယ်။ အမှုဖွင့်တာက မနေ့က မှောင်တယ်ဗျ။  ခန့်မှန်းချိန် ညနေ ၇ နာရီကျော် လောက်ဖြစ်မယ်”ဟု ငါန်းဇွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက မဇ္စျိမသို့ ဧပြီလ ၂၄ ရက်၊ ညနေပိုင်းတွင် ပြောသည်။

အဆိုပါ ဆေးခြောက်များ စိုက်ပျိုးထားသည်ဟုဆိုသောနေရာကို သတင်းအရ သက်ဆိုင်ရာအစိုးရအဖွဲ့များက ပူးပေါင်းပြီး ဧပြီလ ၂၂ ရက်နေ့၊ ညနေ ၅ နာရီ၊ ၁၅ ခန့်တွင် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကာ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်တွင် ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင်ပါရှိသည်ဟုယူဆရသော စိုက်ခင်း ၆ဝ ဧကခန့်၊ အခန်း ၃ ခန်းပါ ဂိုထောင် ၁ လုံး၊ အဆိုပါဂိုထောင်အတွင်းမှ အရွက်မှုန့် အိတ် ၅၅ အိတ်ခန့်နှင့် အစေးကုန်ချော ၁ ကီလိုခန့်အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဧပြီလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ဧပြီ ၂၄ရက် ညနေပိုင်းတွင် အဆိုပါ စိုက်ခင်းလုပ်ကိုင်နေသူများကို ဖမ်းဆီးအမှုဖွင့်ခဲ့ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံ ထုတ်ပြန်ခဲ့သည်။

“သူတို့ကတော့ လျော်အနေနဲ့ စိုက်တာဖြစ်နိုင်တယ်။ ဒါပေမယ့် စစ်ဆေးတွေ့ရှိချက်တွေအရကျတော့ ဒီနိုင်ငံရဲ့ ဥပဒေအရ ဒါက မူးယစ်ဆေးဝါးပဲဖြစ်တယ်။ မြန်မာပြည်ရဲ့ ဥပဒေနဲ့ဆိုရင် ဒါကဆေးခြောက်ပင်ပဲ ဖြစ်တယ် ပေါ့ဗျာ။ ဒါပေမယ့် ရုက္ခဗေဒပညာရှင်တွေနဲ့ ဆက်ပြီးစစ်ဆေးတုန်းပဲ။ ဒီမှာရှိတဲ့ လူတွေကိုတော့ ထိန်းသိမ်း ထားပါပြီ”ဟု မူးယစ်ဆေးဝါးရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ဆိုသည်။

စိုက်ခင်းတာဝန်ခံ ရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုးတို့ကို မေးမြန်းခဲ့ရာ ၂ဝ၁၈ ခုနှစ်၊ မေလက စိုက်ခင်း ဧက ၆ဝ ကို အမေရိကန်နိုင်ငံသား John Fredric ၊  Thomas (စိစစ်ဆဲ)နှင့် Alexandra Skemp တို့ ၃ ဦးက သဘာဝ ဆေးဘက်ဝင် လျှော်ပင်စိုက်ပျိုးရန်အတွက် Mandalay Myotha Industrial Development Public Co,Ltd (MMID)ထံမှ ငှားရမ်းလုပ်ကိုင်ခဲ့ကြောင်းနှင့် ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင် ပါရှိသည်ဟု ယူဆရ သောအပင် ဧက၂ဝ ခန့် (အမြင့် ၃/၆ ပေခန့်၊ သက်တမ်း ၄ လခန့်ရှိ အပင်ပေါင်း ၃၄၉၂၉၀ ပင်)စိုက်ပျိုးထား ရှိကြောင်းသိရသည်။

Thomas နှင့် Alexandra Skemp တို့မှာ အမေရိကန်နိုင်ငံသို့ ပြန်သွားကြောင်း၊  John Fredric မှာ အောင် မြေသာစံမြို့နယ်ရှိ Marcure ဟိုတယ်၌ တည်းခိုနေထိုင်ပြီး ယာဉ်ဖြင့် စိုက်ခင်းသို့နေချင်းပြန် လာရောက် လေ့ရှိကြောင်း စိုက်ခင်းတာဝန်ခံ ရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုးတို့က ထွက်ဆိုခဲ့သည်ဟု ပြည်ထဲရေး ထုတ်ပြန်ချက်တွင် ပါရှိသည်။

 “ တရားစွဲဆိုလိုက်တယ်ဆိုတာထက်ပေါ့နော် လက်ရှိအနေအထားက မူးယစ်အထူးအဖွဲ့နေပြီးတော့ တရားလို လုပ်ပြီးတော့ စစွဲတယ်။ ဒါပေမယ့် ဥပဒေအကြံတောင်းတင်ရဦးမယ်လို့တော့ ကျွန်တော်တို့ကြားတယ်ဗျ”ဟု လက်ရှိ ယင်းစိုက်ခင်းနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ထားမှုအခြေအနေကို ငါန်းဇွန်မြို့နယ်၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က ပြောသည်။

 ယင်းစိုက်ခင်းမှ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင် ပါရှိသည်ဟုယူဆရသော အရွက်ခြောက်မှုန့် ၅ ကီလိုခန့်နှင့် အရက်(ဘီအီး) ၅ ဂါလံတို့ရောစပ်၍ အဝတ်လျှော်စက်ထဲထည့်မွှေပြီး ပေါင်းခံပါက တဆေးပုံ သဏ္ဍာန် အစေး ၂၅ဝ ဂရမ်ခန့်ရရှိကြောင်း၊ အစေ့အားကြိတ်၍ ရရှိသောအဆီအားပေါင်းခံ၍လည်း ထုတ်လုပ် နိုင်ကြောင်း၊ ကင်ဆာပျောက်ဆေးထုတ်လုပ်ရန် ရည်ရွယ်၍ စိုက်ပျိုးခြင်း ဖြစ်နိုင်ကြောင်း စစ်ဆေးတွေ့ရှိရ သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly