မီးဘေးအန္တရာယ်ကြောင့် ထန်းကိုင်းရေနံမှော်အတွင်း တရားမဝင်ရေနံတူးဖော်မှုများကို ပိတ်သိမ်းမည်

မီးဘေးအန္တရာယ်ကြောင့် ထန်းကိုင်းရေနံမှော်အတွင်း တရားမဝင်ရေနံတူးဖော်မှုများကို ပိတ်သိမ်းမည်

မကွေး၊ ဧပြီ ၂၄ ။          ။ မီးဘေးအန္တရာယ်စိုးရိမ်ရသည့်အတွက် သရက်ခရိုင်၊ မင်းလှမြို့နယ်ရှိ ထန်းကိုင်းရေနံမှော်အတွင်း တရားမဝင်ရေနံတူးဖော်မှုများကို ဧပြီ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး သံယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးဌာနက သိရသည်။

မင်းလှမြို့နယ်ရှိ ထန်းကိုင်းရေနံမှော်တွင် ၂၀၁၉ခုနှစ် မတ်လ(၈)ရက်နေ့က ရေနံလျှံတွင်း မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး ရက်ပိုင်းအတွင်း ဒုတိယအကြိမ် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့သဖြင့် အမှတ်(၁၀) ကာကွယ်ရေး ပစ္စည်း စက်ရုံအတွက် မီးဘေးအန္တရာယ်စိုးရိမ်ရပြီး ရေနံလုပ်ကွက်များ စက်ရုုံဧရိယာဘက်သို့ တိုး ရွှေ့လာနိုင်သဖြင့် လိုအပ်သလို စီစဉ််ညွှန် ကြားပေးနိုင်ပါရန် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်(မန္တလေး)နှင့် အမှတ်(၁၀) ကာကွယ် ရေးပစ္စည်းစက်ရုံ တို့က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်သို့ လိပ်မူ၍ တင်ပြလာသည့်အတွက် (၃.၄.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ် (၁၄/၂၀၁၉) ဆုံးဖြတ်ချက် အပိုဒ် (၉၁)အရ တရားမဝင်ရေနံတွင်းများတူးဖော်နေမှုကို အမြန်ရပ်ဆိုင်းစေရန် ဆုံးဖြတ် ဆောင် ရွက်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် လျှပ်စစ်၊စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

“ခွင့်ပြုချက်တင်ထားတာ မရှိဘဲ တရားမဝင်တူးဖော်နေတဲ့ ရေနံကျင်းတွေကို ပိတ်သိမ်းသွားမှာပါ။ နိုင်ငံပိုင် MOGE ထန်ကိုင်းရေနံမြေ ဧရိယာနဲ့ တစ်ဆက်တည်း ဖြစ်နေပြီး ကပစ စက်ရုံနဲ့လည်း နီးကပ်နေတဲ့အတွက် ပြည်ထောင်စု အစိုးရက ပိတ်သိမ်းတာဖြစ်တယ်။ ရေနံတူးဖော်နေတဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးကို ဂရုမစိုက်လို့မဟုတ်ဘဲ မကြာခဏ ဆိုသလို မီးလောင်မှုဖြစ်ပွားနေတဲ့အတွက်ပါ ” ဝန်ကြီးဦးမြင့်ဇော်က ဆိုသည်။

ထန်းကိုင်းမှော်တွင် မီးလောင်သည့်အခါ စက်ယန္တရားများနှင့် အုပ်ဆောင်းများအုပ်၍ မီးငြိှမ်းသတ်ခဲ့ရသည့် အတွက် ရေနံလုပ်ငန်းရှင်များသာမက နိုင်ငံတော်အတွက်ပါ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ခွင့်ပြုထားသည့်ဧရိယာ မဟုတ်သည့်အတွက် ရေနံမြေထဲမှ ထွက်ပေးရန် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးမှ တဆင့် အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ဝန်ကြီးထံမှ သိရသည်။

ထန်းကိုင်းရေနံမှော်တွင် ကျင်းပေါက်တစ်ပေါက်စာ မြေနေရာခ ကျပ်သိန်း( ၅၀)ခန့်ပေးရပြီး ကျင်းတစ်ကျင်း၏ ကုန်ကျစရိတ်အတွက် စုစုပေါင်း ကျပ်သိန်း (၁၄၀) ခန့်ကုန်ကျကြောင်း ရေနံကျင်းများကို စုပေါင်းရှယ်ယာဝင် လုပ်ကိုင်ကြကြောင်း အရှုံး အမြတ်ရှိသော်လည်း မိသားစု စားဝတ်နေရေး လူမှုရေး၊ကျန်းမာရေး၊ပညာရေးများအတွက် ဖြေရှင်းလုပ်ကိုင်နေကြရကြောင်း ထန်းကိုင်းဒေသခံ ရေနံကျင်းပိုင်တစ်ဦးက ဆိုသည်။

“အရင်စစ်အစိုးရ လက်ထက်ကတောင် ပိတ်သိမ်းတာမျိုး မလုပ်ခဲ့ဘဲ ပြည်သူတင်တဲ့ ပြည်သူ့အစိုးရ လက်ထက် ကျမှ ပိတ်သိမ်းမယ်ဆိုတော့ စိတ်မကောင်းဖြစ်ရတယ်။ ကပစ (၁၀)စက်ရုံနဲ့ နီးစပ်လို့ဆိုရင်လည်း ဧရိယာတစ်ခု သတ်မှတ်ပေးပြီး ခွင့်ပြုပေးစေချင်တယ်။ ရေနံ အထွက်နှုန်းတွေလည်း လျော့နည်း သွားပြီဖြစ်လို့ မီးဘေး အန္တရာယ်ဆိုတာကလည်း စက်ရုံနဲ့ အဝေးကြီးပါ” ဟု ထန်းကိုင်းဒေသခံ ရေနံကျင်းပိုင်ရှင် ဦးဌေးဝင်းက ပြောသည်။

မင်းလှမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထန်းကိုင်းရေနံမှော်တွင် ပိတ်သိမ်းရမည့် ရေနံ လုပ်ကွက် ပိုင်ရှင်များထံသို့ ၂၀၁၉ခုနှစ် ဧပြီလ (၂၄) ရက်နေ့ နောက်ဆုံးဖယ်ရှားပေးရန် အသိပေးစာ ထုတ်ပြန် ပေးထားကြောင်း သိရသည်။

သရက်ခရိုင် မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမှော်တွင် အနယ်နယ် အရပ်ရပ်မှ လာရောက်စီးပွားရှာနေသော လုပ်ငန်းပေါင်းစုံမှ လူဦးရေ (၇၀၀၀၀) ခန့်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required