ထိုင်းနိုင်ငံရဲ့ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာကို အာဏာအလွဲသုံးပြီး မြန်မာနိုင်ငံသို့ အတိုးနည်းချေးငွေ ဘတ်ငွေ လေးဘီလီယံကို အတည်ပြုခဲ့တဲ့အတွက် ထိုင်းအထူးခုံရုံးရဲ့ နိုင်ငံရေးရုံး အာဏာပိုင်များဆိုင်ရာ ရာဇဝတ်မှုဌာနက ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
သက်ဆင်ဟာ ၎င်းအာဏာရစဉ်က ဆက်သွယ်ရေးပစ္စည်းတွေ ဝယ်ယူရေးနဲ့ ၎င်းမိသားစုပိုင် Shin Satellite ကုမ္ပဏီက ဝန်ဆောင်မှုတွေအတွက် Thai Exim Bank ကနေ အတိုနည်းချေးငွေကို အာဏာအလွဲသုံးပြီး အတည်ပြုပေးတာကို အပြစ်တွေ့ရှိလို့ ခုလို ထောင်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
၂၀၀၈ ခုနှစ်ကလည်း ကိုယ်တိုင်ပြည်ပသို့ ထွက်ပြေးနေတဲ့ သက်ဆက်ကို တရားရုံးချုပ်က ဖမ်းဝရမ်းလည်း ထုတ်လိုက်ပါတယ်။
၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်းပြီးနောက်မှာ သက်ဆင် ဝန်ကြီးချုပ်အဖြစ်က ဖြုတ်ချအပြီးမှာ စစ်အာဏာပိုင်တွေ ခန့်အပ်တဲ့ အစိုးရက သက်ဆင်ရဲ့ အမြောက်အမြား ကြွယ်ဝချမ်းသာမှုကို စုံစမ်းစစ်ဆေးရေးအတွက်
ပိုင်ဆိုင်မှုအာမခံများ စေ့စပ်စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အခု မြန်မာနိုင်ငံကို Exim Bank ရဲ့ ချေးငွေဟာလည်း အဆိုပါ ပိုင်ဆိုင်မှုအာမခံများစေ့စပ်စိစစ်ရေးကော်မတီနဲ့ နောက်ပိုင်းမှာ အမျိုးသားအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်တို့ရဲ့ စုံစမ်းစစ်ဆေးမှု တစ်ဒါဇင်ခန့် အမှုတွေထဲက တစ်ခုဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးဆဲ အခြားအမှုသုံးမှု ရှိရာမှာ သက်ဆင်မိသားစုပိုင် ဆက်သွယ်ရေးလုပ်ငန်းတွေကို အခွန်လျှော့ပေါ့မှုလည်း ပါဝင်ပါတယ်။ ဒီလိုအခွန်လျှော့ပေါ့ပေးမှုကြောင့် နိုင်ငံအတွက် ဘတ်ငွေ ၆၆ ဘီ လီယံ ဘဏ္ဍာငွေ
နစ်နာခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ထပ်အမှုက နိုင်ငံပိုင် Krung Thai Bank ကနေ အိမ်ခြံမြေအုပ်စု Krisdamahanakorn အုပ်စုဆီ ချေးငွေ ၉ ဒသမ ၉ ဘီလီယံ ထုတ်ချေးမှုဖြစ်ပါတယ်။ နောက်ထပ် အမှုတစ်ရပ်က ဂဏန်းသုံးလုံးနဲ့ နှစ်လုံး အောင်ဘာလေထီတွေ ထုတ်ရောင်းဖို့ စီစဉ်တာဖြစ်ပါတယ်။
အခု အမှုကို ၂၀၀၈ ဇူလိုင်က အထူးခုံရုံးရဲ့ နိုင်ငံရေးရုံး အာဏာပိုင်များဆိုင်ရာ ရာဇဝတ်မှုဌာနက လက်ခံယူကာ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားရုံးရဲ့ ပထမဆုံးကြားနာမှုမှာ သက်ဆင်က လာရောက်ခြင်း
မရှိခဲ့ဘဲ ပြည်ပထွက်ပြေးတိမ်းရှောင်ခဲ့တာ ဖြစ်ပါတယ်။