ရဲတပ်ဖွဲ့ယာဉ်ကို မိုင်းထောင်ဖောက်ခွဲခဲ့သည့် ARSA အဖွဲ့မှ ဖမ်းဆီးရမိသူမရှိသေးဟု ဗိုလ်မှူးချုပ်ပြော

ရဲတပ်ဖွဲ့ယာဉ်ကို မိုင်းထောင်ဖောက်ခွဲခဲ့သည့် ARSA အဖွဲ့မှ ဖမ်းဆီးရမိသူမရှိသေးဟု ဗိုလ်မှူးချုပ်ပြော
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဧပြီလ ၂၄ ။    ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇီးပင်ချောင်းလမ်းဆုံနှင့် လိပ်ရလမ်းဆုံကြား၌ လုံခြုံရေးလိုက်ပါလာသော ရဲတပ်ဖွဲ့ပိုင်ယာဉ်တစ်စီးကို ARSA အဖွဲ့နှစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် ARSA အဖွဲ့မှ ပါဝင်သူများ ကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့တာဝန်ခံ ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက မဇ္စျိမသို့ အတည်ပြုပြောသည်။

အဆိုပါ မိုင်းထောင်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၇ နာရီခွဲကျော်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မောင်တောမြို့နယ်၊ တောင်ပြို(ယာ) နယ်မြေရုံးမှ ကြိမ်ချောင်းနယ်မြေရုံးသို့ လုံခြုံရေးလိုက်ပါလာသော ရဲတပ်ဖွဲ့ပိုင်ယာဉ်ကို ARSA အဖွဲ့နှစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ဘက်မှ သိရသည်။

“ ၂၂ ရက်နေ့၊ တောင်ပြို၊ ကြိမ်းချောင်းဘက်မှာ ARSA နဲ့ဖြစ်တဲ့ဟာကတော့ အခုထိ ကျွန်တော် သိရ သလောက် ဖမ်းမိတဲ့သူမရှိသေးဘူးခင်ဗျ”ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့တာဝန်ခံ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧပြီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ပြောသည်။

“ အမှုဖွင့်တာကတော့ ကျွန်တော်တို့ သိရသလောက်ပေါ့လေ။ အဲ့ဒါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကို မေးမှ သိမယ်ခင်ဗျ။ ကျွန်တော်တို့ နောက်ဆက်တွဲ သတင်းကတော့ ဖမ်းဆီးရမိ၊ မရမိဆိုတာကတော့ မသိသေးဘူး။ အမှုဖွင့်တာကတော့ ထုံးစံအတိုင်းအမှုဖွင့်တာကတော့ ရှိနိုင်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက် ပြောသည်။

ARSA အဖွဲ့မှ ရဲတပ်ဖွဲ့ယာဉ်ကို ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊  ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် ယာဉ်မောင်း ရဲဒုတပ်ကြပ် ရှိုင်းထက်အောင်မှာ ယာမျက်လုံး ယမ်းငွေ့ရိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

နယ်မြေရှင်းလင်းရာတွင် တပ်မတော်စစ်ကြောင်းများပါ ပူးပေါင်းရှင်းလင်းခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာမှ အနီးရှိ မိုင်းဆွဲသော တောင်ကုန်းနေရာမှ ကျည်ခွံများ၊ လက်လုပ်မိုင်း ၁ လုံး၊ တစ်ဖက်ပိတ် သံပိုက်အတွင်း ဘောစိနှင့်ယမ်းများထည့်သွင်းထားသော ကိုက် ၅ဝ ခန့်ရှိ ဝိုင်ယာကြိုးတပ်ဆင်ထားသည့် အချင်း ၃ လက်မ၊ အရှည် ၃ ပေခန့်ရှိ သံပိုက်လုံး ၁ လုံး၊ ဘက်ထရီ အိုးဟောင်း ၃ လုံး၊ တိုက်ပွဲဖြစ်နေရာအနီးရှိ တောင်ကုန်း ပေါ်တွင် ထမင်းထုပ်၊ ရေသန့်ဘူးခွံ၊ အနွေးထည်တစ်ထည်၊ သံတူရွင်းတစ်ချောင်းနှင့် ကျည်ခွံများကို  နယ်မြေရှင်းလင်းရာတွင် တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြား ရေးအဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required