ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် ကင်မ်ဂျုံအန်း ရုရှားသို့ ရောက်ရှိ

ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် ကင်မ်ဂျုံအန်း ရုရှားသို့ ရောက်ရှိ

ဧပြီ ၂၄ ။     ။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့အကြား ထိပ်သီးအစည်းအဝေး တွေ့ဆုံဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဧပြီ ၂၄ ရက်မှာ နယ်စပ်ကို ဖြတ်ပြီး ရုရှားနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ အင်အားကြီး အမေရိကန်နဲ့အကြား နျူကလီးယားဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ မဆုတ်သာ မတိုးသာ အခြေအနေထဲ ကျရောက်နေချိန် ပြုံယမ်းအနေနဲ့ ယင်းရဲ့ အစဉ်အလာ မဟာမိတ်နိုင်ငံနဲ့  ပိုမို နီးကပ်စွာ  ဆက်ဆံဖို့ ကြိုးပမ်းလာခြင်းလည်း ဖြစ်ပါတယ်။

ရုရှား- မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမယ့် အစည်းအဝေးကိုတော့ ဧပြီ ၂၅ ရက်မှာ ပစိဖိတ်ကမ်းရိုးတန်းမြို့ ဗလာဒီဗိုစတော့ခ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒါဟာ ကင်မ်အတွက်ကတော့ ဖေဖော်ဝါရီလတုန်းက ဟနွိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ယခုအခါ ရုရှား သမ္မတနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ကင်မ် စီးနင်းလိုက်ပါလာတဲ့ ကျည်ကာ ရထားကြီးဟာ ဧပြီ ၂၄ ရက်က တူမန် မြစ်ကို ဖြတ်ပြီး ရုရှားနယ်စပ်မြို့ ခါဆန်ကို ဆိုက်ရောက်လာခဲ့တယ်လို့ ရုရှား မီဒီယာတွေမှာ ဖော်ပြပါတယ်။

၂၀၁၈ မတ်လနောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗီယက်နမ် သမ္မတ တို့နဲ့ တွေ့ဆုံထားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly