ဒေါသကို ပြန်လည်ထိန်းချုပ်ဖို့ နည်းလမ်းကောင်း (၇) ချက်

ဒေါသကို ပြန်လည်ထိန်းချုပ်ဖို့ နည်းလမ်းကောင်း (၇) ချက်

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

    

ဘယ်သူမဆို ဒေါသထွက်ဖူးကြမယ် ထင်ပါတယ်။ ဒေါသထွက်တဲ့အခါ အသက်ရှူသံတွေ ပြင်းလာပြီး နှလုံးခုန်နှုန်း မြန်လာမယ်။ ကိုယ့်ဒေါသကို ထိန််းချုပ်လို့ မရတော့တဲ့အခါ အကုန်ပေါက်ကွဲထွက်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြစ်စေ၊ ဘေးပတ်ဝန်းကျင်က ကိုယ်ချစ်ရတဲ့သူတွေကိုပါ အပူမီးပွားတွေ စင်ကုန်တော့မှာပေါ့။

ဒီဒေါသထွက်နေတဲ့ စိတ်ကလေးကြောင့် ကိုယ့်စိတ်ကို အညစ်ခံမနေပါနဲ့။ ထွက်နေတဲ့ ဒေါသစိတ်ကို အလွယ်တကူဖြေဖျောက်ပေးနိုင်ပြီး ကိုယ့်စိတ်ကို ငြိမ်းချမ်းသွားစေမယ့် နည်းလမ်းကောင်းလေးတွေ ရှိတယ်နော်။ မကြာခဏ စိတ်ဆိုး၊ ဒေါသဖြစ်လွယ်တဲ့သူတွေလည်း ဒီဆောင်းပါးလေးမှာ ပါတဲ့ နည်းလမ်းတွေကို သေချာဖတ်ကြည့်ရင်း ကိုယ့်ရဲ့ရင်ထဲမှာ ဖြစ်နေတဲ့ အပူမီးကို ထိန်းချုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။
ဒေါသကို ထိန်းချုပ်ဖို့ နည်းလမ်းကောင်းများ

၁။ စိတ်ဆိုးစပြုနေတဲ့အချိန်မှာ နံပါတ်စဉ်ကို ၁ ကနေစပြီး ရေတွက်ကြည့်ပါ။ ဒေါသလေး နည်းနည်းပြေသွားပြီး စိတ်က ပြန်ကြည်လာပြီဆိုမှ နံပါတ်စဉ် ရေတာကို ရပ်လိုက်ပါ။ အသက်ကို နှာခေါင်းကနေ ပြင်းပြင်းရှူသွင်းပြီး ပါးစပ်ကနေ ဖြည်းဖြည်းချင်း မှုတ်ထုတ်ပါ။ အသက်ရှူနေရင်းနဲ့လည်း စိတ်ထဲကနေ နံပါတ်ကလေးတွေ ရေနေလို့လည်း ရပါတယ်။

၂။ နေရာမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေပြီး မလှုပ်မယှက်နေတာထက် ဟိုနားဒီနား ထသွားထလာလုပ်ရင်း လမ်းလျှောက်လိုက်ပါ။ ချွေးလေးထွက်ပြီး တင်းနေတဲ့ ကြွက်သားလေးတွေက ပြေလျော့သွားရင် ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ ဒေါသစိတ်တွေ နည်းနည်းတော့ ပျောက်သွားမှာပါ။ လမ်းမလျှောက်ချင်တဲ့သူတွေအတွက် ကိုယ့်ရဲ့ ကြွက်သားတွေကို ပြေလျော့သွားစေဖို့ လေ့ကျင့်ခန်းလုပ်ပေးတာ၊ အကြောဆန့်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်သိမ့်ပါ။ ဒီဒေါသဖြစ်နေတဲ့ စိတ်ကြောင့် ကိုယ့်မှာ ဘာအကျိုးထူးရသွားလဲ ပြန်စဉ်းစားကြည့်ပါ။ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အရာရာဟာ ပြန်ပြီးအဆင်ပြေသွားပါလိမ့်မယ်ဆိုပြီး နှုတ်က တစ်ဖွဖွပြောပါ။

၄။ လူတွေနဲ့ စကားမပြောဘဲ တစ်ယောက်တည်း အခန်းထဲမှာ ဝင်နေပြီး တိတ်တိတ်လေး ထိုင်နေပါ။ မျက်စိကို မှိတ်ထားပြီး ကိုယ့်စိတ်ကို အေးချမ်းတဲ့ နေရာတစ်နေရာ ရောက်သွားတယ်လို့ ပုံဖော်ကြည့်ပါ။ ဒါမှမဟုတ်လည်း သဘာဝရေစီးသံ၊ ငှက်ကလေးတွေ တွန်ကျူးသံ၊ သစ်ရွက်ကလေးတွေ လေတိုက်ပြီး လှုပ်သွားတဲ့အသံလေး အစရှိတဲ့ စိတ်ကို အနားပေးဖို့ တီးလုံးတွေကို ဖွင့်ထားပါ။

၅။ တတ်နိုင်ရင် ဘယ်သူနဲ့မှ စကားမပြောပါနဲ့။ ဒေါသထွက်နေတဲ့အချိန်မှာ တခြားသူတစ်ယောက်နဲ့ စကားပြောနေရင် ကိုယ့်ရင်ထဲက အပူမီးတွေက သူတို့တွေဆီကိုပါ လွင့်စင်သွားနိုင်သလို ပြောနေတဲ့စကားတွေဟာလည်း ဒေါသကြောင့် အမှားပါသွားနိုင်ပါတယ်။ ဒါကြောင့် လူတွေနဲ့ စကားပြောတာထက် တစ်ယောက်ထဲ အေးအေးဆေးဆေး နေတာ ပိုကောင်းပါတယ်။

၆။ ဒိုင်ယာရီစာအုပ်ထဲမှာ ကိုယ်ဒီနေ့ ကြုံတွေ့ခဲ့ရတဲ့ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာ၊ ဒေါသဖြစ်စရာတွေကို ချရေးပါ။ ရေးနေရင်းနဲ့ အဖြစ်အပျက်တွေကို သေချာပြန်တွေးကြည့်ပါ။ ကိုယ့်ဘက်က မှားတာဆိုရင် ပြန်တောင်းပန်ပါ။ တခြားသူတွေက မှားခဲ့တယ်ဆိုရင်လည်း အတတ်နိုင်ဆုံး ခွင့်လွှတ်ပေးဖို့ ကြိုးစားလိုက်ပါ။

၇။ ဒေါသအနည်းငယ် ပြေသွားတဲ့အချိန်မှာ စိတ်ဆိုးတဲ့အကြောင်းကို သေချာဖွင့်ပြောပြပါ။ ဘာမှမဖြစ်လောက်ပါဘူးလေဆိုတဲ့ စိတ်နဲ့ မြိုသိပ်လိုက်တဲ့အခါ အမှန်တကယ် ပြဿနာကို မေ့ပျောက်သွားတာမျိုးမဟုတ်ဘဲ နောက်ပြဿနာတွေ ကြုံလာတိုင်း ဒီပြဿနာကို ပြန်ပြီး အစဆွဲကာ ထုတ်မိသလို ဖြစ်တတ်ပါတယ်။ အဲ့တော့ ပိုပြီး ဒေါသထွက်လာမယ်။ ဒေါသစိတ်ကြောင့် အသိစိတ်ကို ထိန်းချုပ်လို့ မရတော့တဲ့အခါ မလိုလားသင့်တဲ့ အမှားတွေ လုပ်မိပါလိမ့်မယ်။

စိတ်ဆိုးဒေါသထွက်တယ်ဆိုတာ လူသားတိုင်းရဲ့ ဘဝမှာ အမြဲတမ်းဖြစ်ပျက်နေတဲ့ စိတ်ခံစားချက်တစ်မျိုးပါ။ ဒီဒေါသကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်လာစေဖို့ ကိုယ့်စိတ်ကို ထိန်းချုပ်ရမှာကတော့ ကိုယ့်တာဝန်ပါပဲ။ ဒီနည်းလမ်း ၇ ချက်ကို စိတ်ဆိုး၊ ဒေါသဖြစ်စရာ ကြုံလာတိုင်း သေချာလုပ်ကြည့်ရင်း ကိုယ့်ရဲ့ စိတ်ကို အေးချမ်းအောင် ပြန်လည်တည်ဆောက်ကြည့်ပါ။ ဒီလိုမှမဟုတ်ဘဲ ဒေါသကို ဘယ်လိုမှ ထိန်းချုပ်မရဘူး ဒါမှမဟုတ် ဒေါသထွက်လာတဲ့အချိန်တိုင်း ကိုယ်နောင်တရမယ့် ကိစ္စတစ်ခုခု အမြဲလုပ်နေတတ်တယ်ဆိုရင်တော့ စိတ်ရောဂါကုထုံး ပညာရှင်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့တော့ လိုမယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly