ကင်ဆာပျောက်ဆေးထုတ်ရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်နိုင်ကြောင်း စုံစမ်းတွေ့ရှိရဟု ထုတ်ပြန်

ကင်ဆာပျောက်ဆေးထုတ်ရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်နိုင်ကြောင်း စုံစမ်းတွေ့ရှိရဟု ထုတ်ပြန်

ဧပြီ ၂၄ ။      ။ ဆေးခြောက်စိုက်ခင်းဟု နာမည်ကြီးနေသည့် စိုက်ခင်းနှင့်ပတ်သက်ပြီး ကင်ဆာပျောက်ဆေးထုတ်ရန် ရည်ရွယ်၍ စိုက်ပျိုးခြင်း ဖြစ်နိုင်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ပြည်ထဲရေးမှ ထုတ်ပြန်သည်။ 

ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန် အမှတ်(၄)လမ်းရှိ ဧက ၅၀ ခန့် ဆေးခြောက်စိုက်ခင်းသတင်းနှင့်ပတ်သက်၍ သွားရောက်စိစစ်မှုကို ပြည်ထဲရေးမှ ဧပြီ ၂၃ ရက်က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

စိုက်ခင်းမှ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင် ပါရှိသည်ဟုယူဆရသော အရွက် ခြောက်မှုန့် ၅ ကီလိုခန့်နှင့် အရက်(ဘီအီး) ၅ ဂါလံတို့ရောစပ်၍ အဝတ်လျှော်စက်ထဲ ထည့်မွှေပြီး ပေါင်းခံပါက တဆေးပုံသဏ္ဍာန် အစေး ၂၅၀ ဂရမ်ခန့်ရရှိကြောင်း၊ အစေ့အားကြိတ်၍ ရရှိသောအဆီအား ပေါင်းခံ၍လည်း ထုတ်လုပ်နိုင်ကြောင်း၊ ကင်ဆာပျောက်ဆေးထုတ်လုပ်ရန် ရည်ရွယ်၍ စိုက်ပျိုးခြင်း ဖြစ်နိုင်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။ 

ဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့က မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန် အမှတ်(၄)လမ်းရှိ ဧက ၅၀ ခန့် ဆေးခြောက်စိုက်ခင်းသတင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦး ဦးစီးသည့်အဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ ညွှန်ကြား ရေးမှူး ဒေါက်တာ နီနီအေး၊ ဓာတုဗေဒဝန်ရုံးခွဲ(မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်း ကြည်၊ မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်တို့ပါ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့သည်။

အဆိုပါစက်မှုဇုန်၌ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင်ပါရှိသည်ဟုယူဆရသော စိုက်ခင်း ၆၀ ဧကခန့်၊ အလျား ၁၂၀ ပေ အနံ ၂၀ ပေရှိ အခန်း ၃ ခန်းပါ ဂိုထောင် ၁ လုံး၊ အဆိုပါဂိုထောင်အတွင်းမှ အရွက်မှုန့် အိတ် ၅၅ အိတ်ခန့်နှင့် အစေးကုန်ချော ၁ ကီလိုခန့်အား စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်း စိုက်ခင်းတာဝန်ခံ ရှိုင်းလတ်(၃၇)နှစ်နှင့် မရွှန်းလဲ့မြတ်နိုး(၂၂)နှစ်တို့ ၂ ဦးအား မေးမြန်းရာ ၂၀၁၈ ခုနှစ် မေလခန့်က စိုက်ခင်း ၆၀ ဧကခန့်အား အမေရိကန်နိုင်ငံသား John Fredric (၆၃)နှစ်၊  Thomas (စိစစ်ဆဲ)နှင့် Alexandra Skemp (၂၉)နှစ် တို့ ၃ ဦးမှ သဘာဝ ဆေးဘက်ဝင်လျှော်ပင် စိုက်ပျိုးရန်အတွက် Mandalay Myotha Industrial Development Public Co,Ltd (MMID) ထံမှ ငှားရမ်းလုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင် ပါရှိသည်ဟု ယူဆရသော အပင် ဧက၂၀ ခန့် (အမြင့် ၃/၆ ပေခန့်၊ သက်တမ်း ၄ လခန့်ရှိ အပင်ပေါင်း ၃၄၉၂၉၀ ပင်)စိုက်ပျိုးထားရှိကြောင်း Thomas နှင့် Alexandra Skemp တို့မှာ အမေရိကန်နိုင်ငံသို့ ပြန်သွားကြောင်း John Fredric မှာ အောင်မြေသာစံမြို့နယ်ရှိ Marcure ဟိုတယ်၌ တည်းခို နေထိုင်ပြီး မော်တော်ယာဉ်ဖြင့် စိုက်ခင်းသို့နေချင်းပြန် လာရောက်လေ့ရှိကြောင်း ထွက်ဆိုခဲ့သည်။

အဆိုပါအရွက်/အစေ့/ကုန်ချောအစေးနှင့် အဆီအနည်း ငယ်စီအား ဓာတ်ခွဲစမ်းသပ်ရန် ဓာတုဗေဒဝန်ရုံးခွဲ (မန္တလေး)သို့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းကြည်က နမူနာယူဆောင်သွားသည်ဟု ဖော်ပြပါရှိသည်။

လက်ရှိတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ John Fredric အား မေးမြန်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required