မန္တလေးတွင် ဆိုင်ကယ်စီးသူများ အပူဒဏ်ကာကွယ်နိုင်ရေး မီးပွိုင့်အနီး အမိုးများ တပ်ဆင်နေ

မန္တလေးတွင် ဆိုင်ကယ်စီးသူများ အပူဒဏ်ကာကွယ်နိုင်ရေး မီးပွိုင့်အနီး အမိုးများ တပ်ဆင်နေ
(ဓာတ်ပုံ - ဒေါက်တာရဲလွင်)

မန္တလေး၊ ဧပြီ ၂၃ ။      ။ မြန်မာနိုင်ငံ၌ ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း လွန်ကဲအဆင့် ရောက်ရှိနေချိန်တွင် မန္တလေးမြို့တွင် ဆိုင်ကယ်စီးသူများ အပူဒဏ်ကာကွယ်နိုင်ရေးအတွက် မီးပွိုင့်အနီးတွင် အမိုးများ တပ်ဆင်လိုက်သည်။ 

"ဆိုင်ကယ်စီးသူများအတွက် ပူပြင်းတဲ့ နေ့လယ်နေဒဏ်ကို ကာကွယ်ပေးဖို့ပါ။ ဒီနှစ်နွေက ခါတိုင်းထက် ပိုပူလို့ ဆိုင်ကယ်စီးသူများအတွက် နေ့လယ် အပူဒဏ်ကို အထိုက်အလျောက် လျှော့ချနိုင်ဖို့ Construction Safety Net တွေနဲ့ အမိုး မိုးပေးလိုက်ပါတယ်။"ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

ဧပြီ ၂၂ ရက်နေ့က ၇၈ လမ်း၊ စစ်ကိုင်းလမ်းဆုံမှ စတင်ကာ မီးပွိုင့်အနီးတွင် စည်ပင်သာယာရေးကော်မတီမှ အမိုးများ မိုးပေးခဲ့ခြင်း ဖြစ်သည်။

"လေဒဏ်ခံနိုင်အောင်လည်း ဂရုစိုက်ရသေးလို့ ၉ မီတာ မီးတိုင်တွေကို ၂ ပေခွဲ Concrete Footing တွေနဲ့  စိုက်ထူရတာပါ။ ပိုခိုင်ခံ့အောင် Steel Wire Rope တွေသုံးပြီး လေအတိုးခံနိုင်အောင် ၄ ပေအကျယ် Construction Safety Net တွေကိုလည်း တစ်ခုနဲ့တစ်ခု ပူးမချုပ်ပါဘူး။အတတ်နိုင်ဆုံးကြိုးစားပြီး အန္တရာယ်ကင်းအောင် လုပ်ပေးထားတာပါ။ နောက်ထပ်နေရာတွေကိုလည်းရွေးပြီး တပ်ဆင်ပေးသွားပါမယ်။" ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။

ဆိုင်ကယ်အသွားများသည့်နေရာများကို ဦးစားပေး တပ်ဆင်ပေးသွားမည် ဖြစ်ပြီး လူအသွားအလာများသည့် လမ်းဆုံမီးပွိုင့်များအားလုံးတွင် တပ်ဆင်ပေးသွားမည် ဖြစ်သည်။

အဆိုပါ အမိုးအားလုံးကို နွေရာသီကုန်ဆုံးလျှင် ပြန်လည်ဖြုတ်သိမ်းသွားမည်ဖြစ်ပြီး နောက်လာမည့် နွေရာသီရောက်တိုင်း အမိုးများ ပြန်လည်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့သည် ဆိုင်ကယ်အသွားအလာ ထူထပ်သောမြို့တော် ဖြစ်ပြီး မြို့နေအများစုက ဆိုင်ကယ်ဖြင့်သာ သွားလာကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly