ငါးကြီးဆီ ဆေးလုံးလေးတွေရဲ့ ကောင်းကျိုးတွေ

ငါးကြီးဆီ ဆေးလုံးလေးတွေရဲ့ ကောင်းကျိုးတွေ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

လူကြီးတွေ တော်တော်များများ ထမင်းစားပြီးတဲ့အချိန်ဆိုရင် ငါးကြီးဆီဆေးလုံးလေးတွေ သောက်တာ မြင်ဖူးကြမှာပါ။ ငါးကြီးဆီဆိုတာ ဦးနှောက်ဉာဏ်ရည်အတွက်သာမက အမြင်အာရုံနဲ့ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်တယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေကိုယ်တိုင်ကပါ ငါးကြီးဆီဆေးလုံးတွေကို အသက်အရွယ်မရွေး သောက်သင့်တယ်လို့ ညွှန်ပေးကြပါတယ်။
ငါးကြီးဆီက ပေးနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ

၁။ အိုမီဂါ – ၃ အဆီအနှစ်တွေပါလို့ နှလုံးကို ကျန်းမာစေတယ်။ ကိုယ်ခန္ဓာက ထုတ်လုပ်ပေးနိုင်ခြင်း မရှိတဲ့အတွက် နေ့စဉ်စားနေတဲ့ အစာအာဟာရနဲ့ ဖြည့်စွက်စာအားဆေးတွေမှာ အိုမီဂါ – ၃ အဆီအနှစ် မဖြစ်မနေ ပါဝင်ဖို့ လိုပါတယ်။

၂။ ကိုယ်ခန္ဓာအတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အဖြစ် ဗီတာမင် အေ ပါဝင်လို့ မျက်စိအမြင်အာရုံ ကောင်းစေတယ်။ မျက်စိအားနည်းတဲ့သူတွေ၊ မျက်စိမှုန်သူတွေ၊ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက် များစွာ အကျိုးရှိစေပါတယ်။

၃။ အရိုးကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်စေတဲ့ ဗီတာမင် ဒီ ဓာတ်တွေ ကြွယ်ဝလို့ အရိုးအဆစ်တွေ သန်စွမ်းစေတယ်။ အသက်ကြီးလာတဲ့အခါမှာ ဖြစ်တတ်တဲ့ အရိုးပါးရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ ရောဂါတွေ အလွယ်တကူဖြစ်မလာစေဖို့ ကူညီတိုက်ထုတ်ပေးနိုင်ပါတယ်။

၄။ ဦးနှောက်ဖွံ့ဖြိုးစေပြီး ဉာဏ်ရည်ထက်မြက်စေတဲ့ EPA နဲ့ DHA ပါဝင်လို့ ကျောင်းနေအရွယ်တွေ၊ လူငယ် လူကြီးမရွေး သောက်သုံးပေးသင့်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ကောင်းစေပြီး မကြာခဏ သတိမမေ့စေဖို့ ကူညီပေးနိုင်ပါတယ်။
ငါးကြီးဆီကို တစ်နေ့ ဘယ်နှစ်လုံး သောက်သင့်လဲ။

လူတစ်ယောက်အတွက် တစ်နေ့လျှင် EPA နဲ့ DHA ပမာဏ 250-500 mg လိုအပ်ပါတယ်။ ဒါကြောင့် ဆေးမဝယ်ခင်မှာ ပါဝင်ပစ္စည်းနဲ့ အညွှန်းကို သေချာဖတ်ကြည့်ပါ။ 1000 mg အား ပါဝင်တဲ့ ငါးကြီးဆီ ဆေးလုံးတစ်လုံးမှာ EPA နဲ့ DHA ပေါင်းစပ်ပါဝင်မှုဟာ 300 mg ပါရှိပါတယ်။ ဆေးအညွှန်း တိတိကျကျ မရှိပေမဲ့ တစ်နေ့ကို ငါးကြီးဆီ ဆေးလုံးတစ်လုံး ထမင်းစားပြီးရင် သောက်ပေးတာ အကောင်းဆုံးပါပဲ။

အကယ်လို့ ကိုယ်က ငါးတွေ၊ ပင်လယ်စာတွေ မစားဘူးဆိုရင်တော့ ပမာဏ များများ သောက်ပေးဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ပြသနေကျ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးဘယ်လောက် သောက်ဖို့၊ ဘယ်အာဟာရဓာတ်တွေကို မရှိမဖြစ်လိုအပ်လဲဆိုတာ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။
ငါးကြီးဆီကို ဘယ်အစားအစာကနေ ရနိုင်သေးလဲ။

ကျန်းမာရေးအတွက် အထူးကောင်းတဲ့ အိုမီဂါ – ၃ အဆီအနှစ်ကို အဆီများတဲ့ ငါးနဲ့ ပင်လယ်စာတွေကနေ အများဆုံး ရရှိနိုင်ပြီး ပဲပိစပ်ဆီ၊ အခွံမာသီး၊ အစေ့အဆန်တွေကနေလည်း ရနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း အဆီများတဲ့ ငါးတွေကို နေ့တိုင်းမစားပေးနိုင်ရင်တောင် တစ်ပတ်ကို ၂ကြိမ်လောက် စားပေးဖို့ အရေးကြီးပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်ရော ဘယ်လိုကောင်းကျိုးတွေရှိလဲ။

ကိုယ်ဝန်ဆောင်မိခင်နှင့် ဗိုက်ထဲက သန္ဓေသားရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် EPA နဲ့ DHA ဓာတ်တွေ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ငါးကြီးဆီကို ပြည့်ဝစွာ စားသုံးပေးခြင်းက မီးဖွားပြီးနောက်ပိုင်း ကလေးအတွက်လည်း အကျိုးကျေးဇူးများစွာ ရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်နေ့ကို EPA နဲ့ DHA ပေါင်းစပ်ပမာဏ 300 mg ခန့် စားပေးဖို့ လိုအပ်တယ်နော်။ဖြည့်စွက်အားဆေးတွေထဲမှာ လူတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် ငါးကြီးဆီကို တစ်နေ့ တစ်လုံးခန့် ပုံမှန်သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ သူ့မှာ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက်သာမက ဦးနှောက်ဉာဏ်ရည်ကိုလည်း ထက်မြက်စေနိုင်တဲ့ ဓာတ်တွေ အများအပြား ပါဝင်လို့ အသက်အရွယ်မရွေး သောက်ပေးသင့်တဲ့ အားဆေးလို့ ဆိုနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly