ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက်

ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး ၃ ချက်

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.


ဒီနှစ်နွေရာသီဟာ အခြားနှစ်တွေကထက် အပူချိန်ပြင်းတယ်ဆိုသာ အားလုံးသိကြမှာပါ။ ဆောင်းကသာ မအေးပေမယ့် နွေကတော့ အမြဲသစ္စာရှိပါတယ်။ ပြီးတော့ ဒီလိုပူပြင်းတဲ့နွေရာသီဆိုတာလည်း ရက်ပိုင်းလောက်မဟုတ်ဘဲ ၃လလောက်တောင်ကြာတာဆိုတော့ ကျန်းမာရေးကို ထိခိုက်တာတွေဖြစ်လာတော့တာပေါ့။  အားလုံးထဲကမှ အန္တရာယ်အရှိဆုံးဖြစ်တဲ့ နွေအပူချိန်ကြောင့် ပြင်းထန်စွာ ထိခိုက်တတ်တဲ့ ကျန်းမာရေး အခြေအနေ ၃ ခုကို ပြောပြပေးတော့မှာပါ ။ ။
( ၁ ) အပူရှပ်ခြင်း (Heat stroke)

အပူရှပ်တယ်ဆိုတဲ့ စကားလုံးနဲ့ စိမ်းမယ့်သူတွေ မရှိဘူးလို့ထင်ပါတယ်။ နွေရောက်ပြီဆိုတာနဲ့ အဖြစ်အများဆုံးနဲ့ အန္တရာယ် အရှိဆုံးကျန်းမာရေး အခြေအနေတစ်ခုပါ။ လူတစ်ယောက်ရဲ့ သာမာန် အပူချိန်က ၉၈.၇ ဒီဂရီ ဖာရင်ဟိုက်ဘဲ ရှိသင့်တာပါ။ ဒီထက်ကျော်ပြီး များလာတဲ့ ပတ်ဝန်းကျင်က အပူူချိန်ကို အံတုဖို့ သာမာန် အပူချိန်ကို ပြန်ထိန်းထားဖို့  နဲ့ များနေတဲ့ကိုယ်ထဲက အပူတွေကိုပြန်ထွက်စေဖို့ ကိုယ်ခန္ဓာကနေ ချွေးထွက်ပေးရပါတယ်။ အပူရှပ်တဲ့အခါကျရင်တော့ ချွေးမထွက်နိုင်တော့ဘဲ များနေတဲ့ အပူချိန်ကို ကိုယ်ခန္ဓာမစွန့်ထုတ်နိုင်တော့ပါဘူး။ နေပူထဲမှာသွားလာလှုပ်ရှားနေရတဲ့သူတွေ၊ ကိုယ်အပူချိန် ၁၀၄ ဖာရင်ဟိုက်ထက်ကျော်နေတဲ့သူတွေ၊ ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတို့က အပူရှပ်ခြင်းကို အများဆုံးခံစားရတဲ့သူတွေပါ။

အပူရှပ်ခြင်းရဲ့ လက္ခဏာတွေကတော့

    မူးလဲတာ
    ခေါင်းမူးတာ
    ချွေးမထွက်နိုင်တာ
    ပျို့အန်တာ
    အသက်ရှူမြန်ပြီး အသက်ရှူမဝတာနဲ့
    ခေါင်းကိုက်တို့ပဲ ဖြစ်ပါတယ်။

အပူရှပ်တဲ့ ပြဿနာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တာကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် အပူရှပ်ခဲ့ရင် ချက်ချင်း သက်သာအောင်လုပ်ဖို့လိုအပ်ပါတယ်။

    ပူနေတဲ့ နေရာကနေ အမြန်ဆုံး ထွက်ခွာပြီး အေးတဲ့ အရိပ်ရတဲ့နေရာတစ်ခုကို သွားပါ။
    အိမ်မှာဆိုရင် ပူကျစ်နေတဲ့ကိုယ်ခန္ဓာကြီးအေးသွားအောင်လို့ ခေါင်း၊ လည်ပင်းနဲ့ လက်မောင်းအောက်နေရာတွေမှာ ရေခဲဝတ်ကပ်ပါ။ ရေပတ်တိုက်ပါ။
    လုံးဝကို သတိလစ်သွားတဲ့အခါကျရင်တော့ အရေးပေါ် လူနာတင်ယာဉ်တွေကို ခေါ်ပါ။

( ၂ ) Heat Exhaustion (အပူငုပ်ခြင်း )။  ။

အပူရှပ်တာထက် မပြင်းပေမယ့် အပူငုပ်တာကလည်း ကျန်းမာရေးအပေါ် ဆိုးကျိုးတွေသက်ရောက်မှုရှိတဲ ့အရာတစ်ခုပါ။ ပူပြင်းတဲ့ရာသီဥတုကြောင့် ကိုယ်အပူချိန်များလာတယ်ဆိုပေမယ့် အပူငုပ်ခြင်းကတော့ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့တွဲနေပါတယ်။

အပူရှပ်တာနဲ့ အပူငုပ်တာ နှစ်ခုမှာ လုံးဝကွဲပြားနေတဲ့အချက်ကတော့ အပူရှပ်ရင် ချွေးလုံးဝမထွက်ဘဲ အပူငုပ်ရင်တော့ ချွေးထွက်လွန်နေတတ်ပါတယ်။ ဒါ့ကြောင့် ပဲ အပူငုပ်တာနဲ့ ရေဓာတ်ခမ်းခြောက်ခြင်း က တွဲနေတာဖြစ်ပါတယ်။ နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေ၊ အပြင်ထွက်လေ့ကျင့်ခန်းလုပ်သူတွေ ရေများများပြန်မသောက်တဲ့အခါမှာ အပူငုပ်တတ်ပါတယ်။

အပူငုပ်ခြင်းရဲ့ လက္ခဏာတွေကတော့

    ခေါင်းကိုက် မူးဝေတာရေအရမ်းဆာတာ
    ပျို့အန်ပြီး ဝမ်းလျှောတာနဲ့
    မောပန်းလွယ်ပြီး နှလုံးခုန်မြန်နေတာတို့ပဲ ဖြစ်ပါတယ်။

အပူငုပ်တဲ့သူတစ်ယောက်ကို ပြုစုဖို့ဆိုရင်တော့ ပူနေတဲ့ပတ်ဝန်းကျင်ကနေ အေးတဲ့နေရာကို အရင်ဆုံးပြောင်းရပါလိမ့််မယ်။ ရေများများသောက်ပြီး ကြပ်နေတဲ့ အဝတ်အစားတွေကို ချွတ်ကာ ရေအေးအေးနဲ့ ရေချိုးပါ။
( ၃ ) မိတ်ပေါက်ခြင်း ( Heat Hives )

ပူတဲ့ရာသီဥတုမှာ တစ်ကိုယ်လုံး မိတ်ပေါက်ပြီး ယားယံတာမျိုးလူတိုင်းခံစားဖူးကြမှာပါ။ ဒီလို မိတ်ပေါက်တာကို ဆေးပညာအရ cholinergic urticaria လို့ခေါ်ပြီး ကိုယ်တွင်းအပူချိန်မြင့်တက်လာတဲ့အါ ဖြစ်လေ့ရှိတဲ့အရေပြား ပြဿနာတစ်ခုပါ။ ချွေးထွက်လေပိုးယားလေဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ရာက ချွေးထွက်များတဲ့သူတွေ အပူအစပ်တွေ စားမိတဲ့သူတွေနဲ့ ပူပန်မှုများတဲ့သူတွေမှာ ပိုဖြစ်တတ်တဲ့ အရေပြား ပြဿနာတစ်ခုပါ။ ဒီလို မိတ်ပေါက်တာဟာ အရေပြားပေါ်ကိို သက်ရောက်လာတဲ ့ပြင်ပက အပူချိန်နဲ့ ဓာတ်မတည့်မှုဖြစ်ပြီး တုန့်ပြန်ရာကနေ ထွက်လာတဲ့ ဓာတ်မတည့်မှုတစ်မျိုးပါ။

ကိုယ်ခန္ဓာနေရာ အနှံ့အပြားမှာ ပေါက်နိုင်တယ်ဆိုပေမယ့် ရင်ဘတ်၊ ကျောကုန်းအပေါ်၊ မျက်နှာနဲ့ လက်မောင်းတို့မှာ ပိုတွေ့ရတတ်ပါတယ်။ အပူူူနဲကထိတွေ့တာနဲ့ချက်ချင်းပေါ်လာတတ်ပြီး ကိုယ်တွင်းအပူချိန်ပြန်ကျသွားတဲ့အခါ သူ့ဘာသာပြန်ပျောက်သွားတတ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly