၂၁ရာစု လူငယ်များနှင့် စိတ်ကျန်းမာရေးပြဿနာတွေ

၂၁ရာစု လူငယ်များနှင့် စိတ်ကျန်းမာရေးပြဿနာတွေ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးထဲမှာ လူငယ်တွေ တော်တော်များများ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ပိုပြီး ကြုံတွေ့လာရပါတယ်။ မိသားစုကိစ္စ၊ ကျောင်းကိစ္စ၊ အလုပ်ခွင်၊ လူမှုရေးရာ၊ အဖက်ဖက်က ဖိအားပေးခံရတာ၊ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ အချစ်ရေးအဆင်မပြေတာအပြင် တွင်ကျယ်စွာ အသုံးပြုလာကြတဲ့ လူမှုကွန်ယက် (social media) တွေဟာ အဓိကတရားခံတွေလို့ ဆိုနိုင်ပါတယ်။

ဒီလိုဆိုတော့ အရင်ခေတ်က လူတွေတုန်းကရော စိတ်ကျရောဂါအပြင် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေ မရှိခဲ့ဘူးလားလို့ မေးစရာရှိလာပါတယ်။ တကယ်တော့ မရှိဘူးဆိုတာထက် ရှိမှန်းမသိခဲ့တာဆိုရင် ပိုမှန်မှာပါ။ အခုခေတ်လူငယ်တွေမှာ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာတာရော၊ ပြောင်းလဲလာတဲ့ လူနေမှုပုံစံအောက်မှာ နေသားကျလာတဲ့အခါ ကိုယ့်မှာ ဖြစ်နေတဲ့ အခက်အခဲ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုပြီး ထင်သာမြင်သာ ရှိလာကြပါတယ်။

ဒီလိုမျိုး ထင်သာမြင်သာ ရှိနေသည့်တိုင်အောင် စိတ်ကျရောဂါ အစပျိုးလာတဲ့ လူဦးရေဟာ တဖြည်းဖြည်းနဲ့ များသထက် များလာကြပါတယ်။ ဒီနေ့ ကျွန်တော် ပြောပြပေးမယ့် အကြောင်းအရာကတော့ ဘဝကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားဖို့၊ မလိုအပ်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ရမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
၁။ ငြင်းတတ်ဖို့ ကြိုးစားကြည့်ပါ။

ငြင်းတယ်ဆိုတာ အမှားလုပ်တာလည်း မဟုတ်သလို ရာဇဝတ်မှု ကျူးလွန်တာလည်း မဟုတ်ပါဘူး။ ဘာသာရေး အယူဝါဒတွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အခါ အကူအညီတောင်းရင် ကိုယ့်ဘက်က လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ ကူညီပေးဖို့ အဆင်သင့်ရှိရမယ်၊ ဘယ်တော့မှ မငြင်းကောင်းဘူး အစရှိသဖြင့် လူကြီးတွေရဲ့ စကားသံတွေကို အမြဲကြားနေရမှာပါ။

ဒီတော့ ကိုယ်က မလုပ်ချင်ဘူး၊ မလုပ်နိုင်ဘူးဆိုရင်တောင် ပတ်ဝန်းကျင်က တစ်မျိုးမြင်သွားမလားဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးတွေဖြစ်၊ စိတ်အပူလောင်ခံပြီး လုပ်ပေးနေရပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က ကူညီပေးဖို့ အဆင်မပြေတဲ့အခါမှာ၊ အချိန်မပေးနိုင်တဲ့အခါ မလုပ်ပေးနိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြီး ငြင်းလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်စိတ်ကို ဒုက္ခပေးရာ မရောက်တော့ဘူးပေါ့။
၂။ ကိုယ့်ရဲ့ တစ်နေ့တာဖြစ်ခဲ့သမျှကို ဒိုင်ယာရီနဲ့ ပြန်မှတ်တမ်းတင်ပါ။

ဒီဘက်ခေတ်မှာတော့ လူငယ်တွေ တော်တော်များများ ဒိုင်ယာရီရေးမှတ်တဲ့ အကျင့်မရှိတော့ပါဘူး။ ဒီလိုမျိုး ကိုယ့်ရဲ့ တစ်နေ့တာကို စာတိုနဲ့ ရေးမှတ်ထားလိုက်တဲ့အခါ ကိုယ့်ရဲ့ တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့လဲ၊ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အစရှိတာတွေကို ပြန်ပြီး စဉ်းစားသုံးသပ်လို့ ရတယ်။ ကိုယ့်အတိတ်မှာ ဘာတွေမှားခဲ့လဲ၊ အနာဂတ်မှာ ဘယ်လိုကောင်းအောင် ပြုပြင်လိုက်မလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းစစ်ကြည့်လို့ ရတယ်။ ဒါ့အပြင် တခြားစိတ်ကျန်းမာရေး လက္ခဏာတွေ ရှိလာရင်လည်း ဒီမှတ်တမ်းကို ပြန်ကြည့်ရင်း ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို အနည်းငယ် အကဲခတ်လို့ ရတယ်။ ပြဿနာကို စောစောစီးစီး သိထားနိုင်ရင် ကာကွယ်တားဆီးဖို့လည်း ပိုပြီးအချိန်ပေးနိုင်တာပေါ့။
၃။ ကိုယ့်ရဲ့ စိတ်ကလေးကို အနားပေးပါ။

နေ့တိုင်း ကျောင်းစာ၊ အိမ်စာ၊ အလုပ်၊ ငွေရေးကြေးရေးတွေနဲ့ ပိနေတော့ ကြာလာရင် ကိုယ့်ရဲ့ စိတ်က ဒေါင်းသွားတော့မှာပေါ့။ ဒါကြောင့်မို့ တစ်ပတ်မှာ အနည်းဆုံး တစ်ရက်လောက် ကိုယ့်အတွက် သီးသန့် အနားယူချိန် ထားထားပေးသင့်ပါတယ်။ အဲ့ဒီအချိန်အတွင်းမှာ ကိုယ့်အတွက် ပျော်ရွှင်မှုပေးနိုင်မယ့် အရာတွေကိုပဲ အဓိကထားလုပ်ပါ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လျှောက်လည်တာ၊ မိသားစုနဲ့ အတူမုန့်လုပ်တာမျိုးလုပ်ပေးပါ။

ကိုယ့်ရဲ့ စိတ်ကို ပူလောင်စေတဲ့ ဘက်လုံးဝရောက်မသွားစေဖို့ အတွေးတွေ ဝင်မလာအောင် သေချာထိန်းထားပါ။ ပျော်ရွှင်စရာ ကိစ္စတွေ အကုန်လုပ်ပြီးသွားရင် အားကစားလုပ်တာဖြစ်စေ၊ ယောဂကျင့်တာ၊ ငြိမ်ငြိမ်လေးနေပြီး တေးဂီတလေး နားထောင်တာ၊ စာအုပ်ဖတ်တာမျိုး လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကို အေးချမ်းအောင် ပြန်လည်တည်ဆောက်ပေးပါ။
၄။ ကိုယ်လုပ်ဖူးခဲ့တဲ့ ကောင်းတဲ့ ကိစ္စမှန်သမျှ ပြန်တွေးပါ။

လူတွေက စိတ်ညစ်နေတဲ့အချိန်ဆိုရင် အတိတ်က လုပ်ခဲ့တဲ့ အမှားတွေ၊ နောင်တရစရာတွေ၊ စိတ်ညစ်စရာတွေကို အရမ်းတွေးတတ်တာ သဘာဝပါပဲ။ အဲ့ဒီလိုမျိုး စိတ်ညစ်လာပြီဆိုရင် ကိုယ့်ရဲ့ ဘဝကို အကောင်းမြင်ရှုထောင့်ကနေ ပြောင်းပြီး မြင်ကြည့်ပါ။ ကိုယ်ဒီနေ့တော့ ဘယ်သူ့ကို ကူညီလိုက်နိုင်လဲ၊ ဒါမှမဟုတ် ကိုယ်ဒီနေ့တော့ ရှုပ်ပွနေတဲ့ ကိုယ့်ရဲ့ အခန်းကို ရှင်းလိုက်နိုင်ပြီ၊ အရမ်းခက်တဲ့ သချင်္ာပုစ္ဆာရဲ့ သဘောတရားကို နားလည်သွားပြီ အစရှိသဖြင့် ကိုယ့်ရဲ့ အားသာချက်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကြောင့် ဘေးပတ်ဝန်းကျင်ကို ဘယ်လိုကောင်းကျိုးတွေ ဖြစ်စေလဲဆိုတာကို ပြန်တွေးကြည့်ပြီး ညစ်နေတဲ့စိတ်တွေကို ဖျောက်ဖျက်ရင်း အကောင်းဆုံးဖြစ်အောင် ထပ်ပြီး ကြိုးစားပါ။
၅။ လူမှုကွန်ယက်ကို အချိန်သိပ်မပေးပါနဲ့။

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ လူငယ်တွေ ကြည့်လိုက်ရင် ဖုန်းတစ်လုံးနဲ့ အမြဲအလုပ်ရှုပ်နေတာပါပဲ။ မိတ်ဆွေအချင်းချင်း အပြင်မှာ လက်ဆုံစကားပြောရင်း ရယ်မောတာမျိုးတွေ မရှိတော့ဘဲ ဖုန်းစကရင်ကိုပဲ မနက်ကနေ ညမိုးချုပ်ကြည့်လာကြတယ်။ ဒီလိုကနေ လူတွေနဲ့ ထိတွေ့ဆက်ဆံမှုနည်းလာတဲ့အခါ လူငယ်တွေ စိတ်ကျရောဂါ၊ အထီးကျန်ဆန် စိတ်ဝေဒနာ ပိုပြီး ဖြစ်လာကြပါတယ်။ ဒါကြောင့် တစ်ချိန်လုံး ဖုန်းသုံးနေတာထက် ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူရှိနေတဲ့အချိန်မှာ ရယ်ရယ်မောမော စကားပြောပါ။ သူတို့အကြောင်း၊ ကိုယ့်အကြောင်းကို အပြန်အလှန် စကားပြောရင်း အမှတ်တရလေးတွေ ပြန်လည်တည်ဆောက်ကြည့်ပါ။ လူမှုကွန်ယက်ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ဒေသတော့ ဖြစ်သင့်ပေမဲ့ ဘဝတစ်ခုလုံးတော့ လုံးဝမဟုတ်ပါဘူး။

ကိုယ့်ရဲ့ ဘဝမှာ နေပုံထိုင်ပုံက စိတ်ကျန်းမာရေးနဲ့ အနာဂတ်ပေါ် အကျိုးသက်ရောက်မှု များစွာ ဖြစ်စေနိုင်တယ်ဆိုတာကို လူငယ်တွေအနေနဲ့ သေချာသိထားသင့်ပါတယ်။ မကောင်းတဲ့ အရာတွေ၊ စိတ်ဖိစီးမှုတွေဆိုတာ ဘဝမှာ အမြဲကြုံနေရတဲ့ အရာတွေပါပဲ။ ဒီအရာတွေကြောင့် စိတ်ညစ်နေမယ့်အစား ကောင်းစွာ နားလည်ပြီး ကိုယ့်ဘဝအတွက် တွန်းအားတစ်ခုဖြစ်စေဖို့ ပြောင်းလဲလိုက်တာ ပိုကောင်းပါတယ်။ ဆယ်ကျော်သက်နဲ့ လူငယ်တွေလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သာယာပျော်ရွှင်ဖွယ် ဘဝလေးတွေ ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly