မကွေးတွင် အပူချိန်များ မြင့်တက်လာသော်လည်း ဆေးရုံတက်ရောက်ရသူ မရှိသေး

မကွေးတွင် အပူချိန်များ မြင့်တက်လာသော်လည်း ဆေးရုံတက်ရောက်ရသူ မရှိသေး

မကွေး၊ ဧပြီ ၂၃ ။                            ။ မကွေးတိုင်းဒေသကြီးတွင် အပူရှိန်မြင့်တက်လာ၍ ဆေးရုံများသို့ တက်ရောက်ကုသရသူ မရှိသေးကြောင်း မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေမှူးဒေါက်တာခင်မောင်သန်းက ပြောသည်။

“အပူရှိန်မြင့်လို့ဆိုပြီး ကျန်းမာရေးမကောင်းတဲ့သူတွေကတော့ မကွေးတိုင်းအတွင်းထဲက ဆေးရုံတွေမှာ တက်ရောက်ကုသတဲ့ စာရင်းမရှိပါဘူး။ နေအပူရှိမြင့်တဲ့အတွက်တော့ ကျန်းမာရေးချို့တဲ့တဲ့သူတွေ ကိုယ်ခံအား ကျဆင်းတဲ့သူတွေ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေတော့ ဂရုစိုက်နေထိုင်သင့်ပါတယ်” ဟု ဒေါက်တာ ခင်မောင်သန်းက ပြောသည်။

မကွေးတိုင်းတွင် ယခုရက်ပိုင်းအထိ အပူချိန်အမြင့်ဆုံးမြို့နယ်မှာ ချောက်မြို့နယ်ဖြစ်ပြီး (၄၄)ဒီဂရီစင်တီဂရိတ် အပူချိန်ရှိကြောင်း မကွေး၊ ရေနံချောင်း၊ မင်းဘူး၊ တောင်တွင်းကြီးမြို့နယ်များမှာ အပူချိန် (၄၃)ဒီဂရီ စင်တီ ဂရိတ် ရှိကာ အပူချိန် အနည်းဆုုံးမြို့မှာ ဂန့်ဂေါမြို့နယ်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာန က ကြေညာထားသည်။

“အခုလ အပူကတအားများတယ်။ နံနက်(၁၀)နာရီလောက်ကနေ ညနေ(၅)နာရီအထိ နေပူချက်ကတော့ အပြင် ထွက်ဖို့ မလွယ်ဘူး။ ကျွန်မတို့လို အသက်(၅၀)ကျော်တွေတောင် အပူဒဏ်ခံစားနေရရင် အသက်ကြီးတဲ့ အဘိုး အဘွားတွေဆို ဒီအပူဒဏ်ကို အတော်ခံရနိင်တယ်” ဟု မင်းဘူးမြို့မှ ဒေါ်လှလှရွှေက ပြောသည်။

မကွေးတိုင်းအတွင်း နေထိုင်သူများအနေဖြင့် အပူဒဏ်ကာကွယ်ရေးအတွက် ပါးလွှာသည့် အဝတ်အထည်များ ကို ဝတ်ဆင်၍ အရိပ်ကောင်းသည့်နေရာများတွင် နေထိုင်သင့်ကြောင်း အပူရှိန် မြင့်မားသည့်အတွက် ကျန်းမာ ရေးဦးစီးဌာနအနေဖြင့် သတင်းမီဒီယာများမှတစ်ဆင့် အသိပညာပေးခြင်း၊ ရှောင်ရန် ဆောင်ရန်များကို ပညာ ပေးခြင်းများ ဆောင်ရွက်ပေးကြောင်း ဒေါက်တာခင်မောင်သန်းက ဆိုသည်။

“အရင်နှစ်တွေထက် မကွေးတိုင်းဒေသကြီးဟာ ယခုနှစ်မှာ ပိုပူလာတဲ့အတွက် နေပူထွက်တာ ရှောင်ဖို့ လိုအပ်တယ်” ဟု မကွေးတိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly