ကျောက်စိမ်းလုပ်ကွက်တစ်ခုအပေါ် နွံကန်ပေါက်ကျမှုကြောင့် လူ ၅၀ ကျော်သေဆုံး

By စိုးသူအောင်
23 April 2019
ကျောက်စိမ်းလုပ်ကွက်တစ်ခုအပေါ် နွံကန်ပေါက်ကျမှုကြောင့် လူ ၅၀ ကျော်သေဆုံး
 ဓာတ်ပုံ - MOI

ရန်ကုန်၊ ဧပြီ ၂၃ ။           ။ မြေစာပုံပြိုကျမှုများကြောင့် မကြာခဏလူသေဆုံးမှုရှိနေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်း လုပ်ကွက်တစ်ခုအပေါ်သို့ နွံကန် ပေါက်ကျလာသောကြောင့် လူ ၅၀ ကျော်သေဆုံးခဲ့ရကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ် တော်အမတ် ဦးစိုးတင့်က မဇ္စျိမသို့အ တည်ပြုပြောသည်။

ဧပြီလ ၂၃ ရက်နံနက်အစောပိုင်း ၁၂နာရီ မိနစ် ၂၀ က အဆိုပါအလုပ်လုပ်ကိုင်နေသည့် လုပ်ကွက်ကျင်း အပေါ် သို့ နံဘေးတွင်ရှိသော ၅ ဧကခန့်အကျယ်ရှိ ရေများနှင့် ရွှံများ ရောနောနေသည့်နွံအရည်များက ကျရောက်ကာ ဖုံးလွှမ်းမိခဲ့ခြင်းဟုလည်း သိရသည်။

“ သေတယ်ပဲပြောရမှာပေါ့။ အားလုံးနစ်မြှပ်နေတာက ၅၄ ယောက်ရှိတယ်။ နဂါးကိုးကောင်ကုမ္မဏီက ၂၆ ဦး၊  မြန်မာသူရကုမ္မဏီက လုပ်သားက ၂၈ ဦး အားလုံး ၅၄ ဦးပေါ့” ဟု ဦးတင့်စိုးကပြောသည်။

အလုပ်သမားများအပြင် နွံကန်ပြိုကျမှုကြောင့် နဂါးကိုးကောင်ကုမ္မဏီက ဘတ်ဖိုး ၅စီး၊ မြေစာသယ်တဲ့ကားက ၁ဝစီး၊ မြန်မာသူရကုမ္မဏီက ဘတ်ဟိုး ၁၁ စီး၊ ကား ၁၀ စီး၊ ဖောက်စက် ၅ စီး စုစုပေါင်း အစီး ၄၀ ခန့်မှာလည်း နစ်မြှုပ်ခဲ့ရသည်ဟု သိရသည်။

လက်ရှိ ဧပြီ ၂၃ ရက် မွန်းလွဲ ၁ နာရီအထိ ရုပ်အလောင်းများနှင့် ပစ္စည်းများကို ပြန်လည်ဆယ်ယူရန် စီစဉ်နေဆဲဟုသိရကြောင်းလည်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုးတင့်ကဆိုသည်။

ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်များတွင် အဆိုပါဖြစ်ရပ်ကဲ့သို့ မတော်တဆဖြစ်မှုများကြောင့် လူသေဆုံးမှုများမကြာခဏ ဆိုသလိုဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။

ထို့ကြောင့်အစိုးရပိုင်းအပြင် အဓိကတာဝန်ရှိနေသည့်ကျောက်မျက်ရတနာကော်ပိုရေးရှင်းမှ လုပ်ကွက်များကို အထူးကြပ်မှတ်စစ်ဆေး ပေးရန် လိုကြောင်းလည်း ၎င်းကအကြံပြုသည်။

“ ဘယ်လိုသွားအရေးယူမလဲဗျာ။ အခုဖြစ်စဉ်မှာပြောလို့ရှိရင်လဲ သူတို့ကြောင့်မို့လို့မဟုတ်ဘဲ တခြားဘက်က ပယောဂကြောင့်ဖြစ် လာတာဆိုတာမျိုးကျဘယ်လိုသွားအရေးယူမလဲဗျာ။ အရေးယူမယ်ဆိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာ သူတို့ရဲ့ကျောက်စိမ်းအဖွဲ့ ဌာနကပဲအရေးယူရမှာဆိုတော့ ကျွန်တော်တော့မကြားဖူးဘူးဗျ”  ဟု ဦးစိုးတင့်ကပြောသည်။

ယခုပေါက်ကျသွားသည့် နွံကန်သည် အနက်ပေ ၄၀ ခန့်ရှိပြီး မှော်ဝမ်းကလေးကျေးရွာနှင့် အင်ဘန်လ ကျေးရွာကြားတွင် တည်ရှိသည့် မှော်ဖြစ်ကြောင်းလည်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly