နိုင်ငံအတွင်းရှိ ထောင်အားလုံးတွင် နိုင်ငံရေးအကျဉ်းသားများမရှိဟု အကျဉ်းဦးစီးထုတ်ပြန်

နိုင်ငံအတွင်းရှိ ထောင်အားလုံးတွင် နိုင်ငံရေးအကျဉ်းသားများမရှိဟု အကျဉ်းဦးစီးထုတ်ပြန်
 နိုင်ငံတော်သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် လွတ်မည့်သူများကို အင်းစိန်ဗဟိုအကျဉ်းထောင်၌ ဧပြီလ ၁၇ ရက်နေ့ကစောင့်ဆိုင်းနေကြစဉ် ။ ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဧပြီ ၂၃ ။                       ။ မြန်မာနိုင်ငံအတွင်းရှိအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားဟူ၍ သတ်မှတ်ထားသော အကျဉ်းသား၊ အကျဉ်းသူများမရှိဟု အကျဉ်းဦးစီးဌာနမှ ဧပြီ ၂၃ ရက်နံနက်ပိုင်းတွင်ထုတ်ပြန်ပြောဆိုလိုက်သည်။

 တရားရုံးအသီးသီးမှ ပြစ်ဒဏ်ချမှတ်ပြီး အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့သော အပြစ်ပေး ဝရမ်းပေါ်တွင် နိုင်ငံ ရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းများ ဟူ၍ ဖော်ပြရေးသားထားသော အကျဉ်းသားတစ်ဦးမှ မရှိသေးကြောင်း လည်းဆိုသည်။

အလားတူ နိုင်ငံတော်တွင် အသုံးပြုနေသည့် ရာဇသတ်ကြီးဥပဒေ (The Penal Code) အထူးနှင့် အထွေထွေ ဥပဒေ၊ တည်ဆဲဥပဒေ တစ်ခုခုတွင် နိုင်ငံရေး အကျဉ်းသားဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမျိုးမရှိကြောင်းလည်း အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 ထို့ကြောင့် အကျဉ်းထောင်များတွင် နိုင်ငံတော်အစိုးရနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဆန့်ကျင်ဖောက်ဖျက်၍ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများသာရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

 “ နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိကို ရှိနေတဲ့ကိစ္စကို အကျဉ်းဦးစီးကနေ နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိဘူး ဆိုတဲ့၊ တည်ဆဲဥပဒေအရ ပြစ်ဒဏ်ချထားသူတွေပဲရှိတယ်ဆိုတာက ဗြောင်ငြင်းတယ်။ ဗြောင် လိမ်တဲ့ သဘော ကြီးပေါ့ဗျာ” ဟု နိုင်ငံရေးအကျဉ်းသားကူညီစောင့် ရှောက်ရေးအသင်း (AAPP) မှ ပြောခွင့်ရှိသူ ကိုအောင်မျိုးကျော်က ပြောသည်။

 ပြည်တွင်းမီဒီယာအချို့နှင့် အဖွဲ့အစည်းအချို့မှ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ရေးသားဖော်ပြမှုများကြောင့် အကျဉ်းဦးစီးဌာနမှ ယခုလို ထုတ်ပြန်ရခြင်းဟုလည်းသိရသည်။ ထို့အပြင် ယင်းတို့၏ ပြစ်ဒဏ်များကို လျော့နည်းစေခြင်းအလို့ငှာနိုင်ငံရေးအကျဉ်းသားဟူ၍ အမည်ခံဆောင်ရွက် လာခြင်း ဟုလည်း အကျဉ်းဦးစီးဌာနမှထုတ်ပြန်ခဲ့သည်။

 အဆိုပါကိစ္စနှင့်ပတ်သက်၍ ကိုအောင်မျိုးကျော်က နိုင်ငံရေးအကျဉ်းသားများသည် မိမိခံယူချက်၊ ယုံကြည် ချက်ဖြင့် တိုင်းပြည်ကောင်းစား ရေးအတွက် လုပ်ဆောင်ရာမှ အုပ်ချုပ်သူနှင့် သဘောထားခြင်း မတိုက်ဆိုင်၍ အကျဉ်းကျခံရသူများဖြစ်သောကြောင့် ထောင်မကြောက် ၍ နိုင်ငံရေးလုပ်ဆောင်ခြင်းဟုလည်းဆိုသည်။

“ ထောင်မကြောက်လို့နိုင်ငံရေးလုပ်တဲ့ကိစ္စပဲ။ ပြစ်ဒဏ်ကိုလျော့အောင်ဆိုတဲ့စကားလုံးအသုံးအနူန်းကတော့ တော်တော်ဆိုးတဲ့ကိစ္စပဲ။ ဒါကနိုင်ငံရေးအကျဉ်းသားတွေကိုစော်ကားလိုက်တဲ့သဘောဖြစ်တယ်ပေါ့နော်” ဟု ၎င်းကပြောသည်။

 မြန်မာနိုင်ငံရှိ အသင်းအဖွဲ့တစ်ခုမှ နိုင်ငံရေး အကျဉ်းသားဟု ဖော်ပြထားသည့် ၄၈ ယောက် စာရင်းကို စိစစ်ရာမှာ ရှာမတွေ့သူ ရဦး၊ လွတ်မြောက် ပြီး သူ ၄ ဦး၊ ပြစ်ဒဏ် ကျခံဆဲ ၃၇ ဦး တွေ့ရပြီး ပြစ်ဒဏ်ကျခံဆဲ သူများသည် နိုင်ငံရေး ဆောင်ရွက်သောကြောင့် ထောင်ကျခြင်း မဟုတ်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

 အဆိုပါ အကျဉ်းကျခံနေသူများမှာ နိုင်ငံတော်လုံခြုံရေးကိုထိပါးနှောင့်ယှက်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း၊ နိုင်ငံတော်ပုန်ကန်ခြင်း၊ အကြမ်းဖက်မှုဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ခြင်း၊အပြင် ရာဇဝတ်မှုအသီးသီးကို ကျူးလွန်ခြင်းကြောင့် အကျဉ်းကျခံနေရသူများဟုလည်း ဆိုသည်။

 အကျဉ်းဦးစီးဌာနမှ ထုတ်ပြန်ချက်သည် မထူးခြားသော်လည်း နိုင်ငံရေးအကျဉ်းသား ရှိ၊ မရှိ ကိစ္စနှင့်ပတ်သက်၍ သတ်မှတ်ချက်တစ်ခုကို အစိုးရမှဖော်ဆောင်ပေးရန်လိုအပ်နေသည်ဟုလည်း AAPP အဖွဲ့အကြံပြုသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မြန်မာ့နှစ်သစ်ကူးသင်္ကြန်အပြီး တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသူ ၉၅၃၅ ဦးကို လွှတ်ပေးခဲ့ပြီး နိုင်ငံခြားသား ၁၆ ဦး ပါဝင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly