ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)ဒေသရှိ ရွာဘုရားပွဲတော် ယခင်နှစ်ထက် စည်ကား

ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)ဒေသရှိ ရွာဘုရားပွဲတော် ယခင်နှစ်ထက် စည်ကား
ဧပြီ ၂၁ရက်နေ့က ရွာလွတ်ကျေးရွာတွင် ကျင်းပခဲ့စဉ်။

ချောင်းဆုံ၊ ဧပြီ ၂၂ ။                   ။ သင်္ကြန်အကြိုနေ့မှ စတင်ကာ ရွာအသီးသီးတွင် အလှည့်ကျ ကျင်းပသည့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)ဒေသရှိ ရွာဘုရားပွဲတော်ကို လာရောက်လည်ပတ်သူများဖြင့် စည်ကားနေပြီး ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်း ရွာလွတ်ကျေးရွာရှိဒေသခံများထံမှ သိရသည်။

အဆိုပါပွဲတော်မှာ တစ်ရက်လျှင် တစ်ရွာနှုန်းဖြင့် အိမ်တိုင်းတွင် ထမင်း၊ ဟင်း၊ အအေး၊ ဒေသထုတ်ခေါက်မုန့်နှင့် မုန့်မျိုးစုံတို့ အပါအဝင် မိမိတတ်နိုင်သည့် အလှူဒါနဖြင့် လာရောက်လည်ပတ်သည့် လူမျိုးဘာသာမရွေး ဧည့်သည်များကို ဧည့်ခံ ကျွေးမွေးကြသည့် ဓလေ့ ဖြစ်သည်။

“ဘုရားပွဲအစဉ်အလာက နှစ်တိုင်းပေါ့၊ နှစ်တစ်ရာကျော်ပြီပေါ့။ကျွန်တော်တို့ မမွေးခင်ကတည်းက စလုပ်လာတာ။ ကျွန်တော် မှတ်မိသလောက်တော့ တစ်နှစ်မှ ပျက်သွားတာ မရှိဘူးပေါ့။ ရိုးရာအစဉ်အလာအရဆိုရင်တော့။ ဘုရားပွဲရယ်၊ နွားလှည်း အလှပွဲရယ်ပေါ့၊ နွားအလှပွဲက ခုနောက်ပိုင်း နည်းနည်းတိမ်ကောလာပြီးပေါ့။ နောက်ပြီးတော့ ရိုးရာလက်ဝှေ့ပွဲ ရှိတယ်။ မနက်ပိုင်းကြရင် ရွာကဘုရားကို တက်ဖူးကြတယ်။ ညနေပိုင်း ၃ နာရီကြတော့ စိန်မြတောင်ဘုရား တက်ဖူးကြတယ်။ ဘုရားပွဲအစဉ်အလာက သင်္ကြန်အကြိုနေ့ကစပြီးတော့ ဧပြီ ၂၇ ရက်နေ့အထိပေါ့။ ဘုရားပွဲတွေအစုံပဲ၊ တစ်ရွာပြီး တစ်ရွာပေါ့။ ဆက်တိုက်ပဲ၊ ဒီဘက်ခြမ်းရွာလွတ်ဘက်တော့ အကုန်လုံးပါတာပေါ့။ ကျွေးမွေးတဲ့အပိုင်းက ထမင်းရယ်၊ ဟင်းရယ်အစုံပဲ။ အချိုပွဲနဲ့အစုံပေါ့၊ တစ်နေ့လုံးလိုလိုပဲ မနက် ၇ နာရီကနေညနေ ၆ အထိပေါ့။ ကျွေးမွေးဧည့်ခံတာပေါ့” ဟု ရွာလွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ပြောသည်။

ဘုရားပွဲကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်ဘက်မှ အများဆုံး လာရောက်ကြပြီး နေ့ချင်းပြန်လာရောက်ကြခြင်းမျိုးလည်း ရှိသည်ဟု သိရသည်။

“ တစ်ရက်မှာ တစ်ရွာနှုန်းနဲ့ ဘီလူးကျွန်းဘုရားပွဲကို အကြောင်းပြပြီးတော့ပေါ့နော်၊ အိမ်ရှင်တစ်ယောက်အနေနဲ့ ဘုရားပွဲ လာတဲ့သူတိုင်း မည်သူမဆို အားလုံးကျွေးမွေးတယ်ပေါ့နော်၊ ထမင်း၊ ကိုယ်တတ်နိုင်သလောက် မုန့်လည်း ကျွေးတယ်၊ အအေးလည်း တိုက်တယ်။ နောက်ပြီး ဘုရားသွားတဲ့သူက သွား၊ အမောပြန်ဖြေရင် အအေးပြန်လာသောက်ပေါ့။ ဒီလို ဘုရားပွဲလာတဲ့သူတွေ အဆင်ပြေစေဖို့ကို အိမ်တိုင်း၊ အိမ်တိုင်း၊ ရွာတိုင်း၊ ရွာတိုင်း တစ်ရွာပြီးတစ်ရွာ၊ ကျွေးတာပေါ့နော်။” ဟု ရွာလွတ်ကျေးရွာမှ မင်းကင်းစိန်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့တွင် ရွာလွတ်ကျေးရွာကပွဲတော်နေ့ဖြစ်ပြီး ၂၂ ရက်နေ့တွင် ကမာမိုကျေးရွာတို့တွင် အသီးသီး ကျင်းပခဲ့သည်။ ဧပြီ ၂၃ ရက်နေ့တွင် မုဒွန်းကျေးရွာတွင် ကျင်းပမည် ဖြစ်ပြီး ၂၄ ရက်နေ့တွင် ကညှော်ရွာ၊ ၂၅ ရက်နေ့တွင် တောင်စွန်း ကျေးရွာ၊ ၂၆ ရက်နေ့တွင် ကလွီရွာတို့တွင် ဆက်တိုက်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါပွဲတော်ကိုသင်္ကြန်အကြိုနေ့( ဧပြီ ၁၃ ရက်)မှ စတင်ကာ ဧပြီ ၂၆ ရက်အထိ ကျေးရွာများတွင် အလှည့်ကျ ကျင်းပခြင်း ဖြစ်ပြီး ဘုရားပွဲတော်၊ ရိုးရာလက်ဝှေ့ပွဲများ၊ လှေလှော်ပြိုင်ပွဲနှင့် အချို့ကျေးရွာများတွင် နွားအလှပြိုင်ပွဲများ ထည့်သွင်း ကျင်းပလေ့ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly