လူ ၃၀၀ နီးပါး သေဆုံးတဲ့ သီရိလင်္ကာ ဗုံးခွဲမှုတွေဟာ ပြည်တွင်းအစ္စလာမ်အစွန်းရောက်အဖွဲ့ လက်ချက်ဟု ပြော

လူ ၃၀၀ နီးပါး သေဆုံးတဲ့ သီရိလင်္ကာ ဗုံးခွဲမှုတွေဟာ ပြည်တွင်းအစ္စလာမ်အစွန်းရောက်အဖွဲ့ လက်ချက်ဟု ပြော

ကိုလံဘို၊ ဧပြီ ၂၂ ။         ။ သီရိလင်္ကာနိုင်ငံမှာ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီးချိန်မှာပဲ လူ ၃၀၀ နီးပါး သေဆုံးတဲ့ အသေခံဗုံးခွဲမှုတွေရဲ့ နောက်ကွယ်မှာ ပြည်တွင်းအစ္စလာမ်အစွန်းရောက်အဖွဲ့တစ်ဖွဲ့ ရှိနေတယ်လို့ ယုံကြည်ယူဆကြောင်း ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်ကြီးတွေမှာ အီစတာတနင်္ဂနွေပွဲတော်အတွင်း တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တာအတွက် National Thowheeth Jama’ath NTJ အဖွဲ့ကို နိုင်ငံတကာအုပ်စုတွေက ထောက်ပံ့ပေးထားမထား စုံစမ်းထောက်လှမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ အစိုးရပြောခွင့်ရသူ ရာဂျက်တာဆီနာရတ်နီက ပြောပါတယ်။

ဘာသာရေး တင်းမာမှုတွေ ဖြစ်လာမှာ စိုးရိမ်ပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးထားသူ ၂၄ ဦးအကြောင်း အချက်အလက်အနည်းငယ်ကိုပဲ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

NTJ အဖွဲ့အကြောင်း အသိနည်းကြပေမယ့် ဧပြီ ၁၁ ရက်က သီရိလင်္ကာရဲချုပ် ထုတ်ပြန်ထားတဲ့ သတိပေးချက်တစ်ရပ်မှာ အဲဒီ NTJ အဖွဲ့ဟာ ဘုရားကျောင်းတွေနဲ့ အိန္ဒိယအထူးကော်မရှင်နာရုံးတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ပြည်ပထောက်လှမ်းရေးအေဂျင်စီ တစ်ခုက သတင်းပေးပို့ထားကြောင်း ဖော်ပြထားပါတယ်။

NTJ အဖွဲ့အနေနဲ့ အရင်ကလည်း ဗုဒ္ဓဆင်းတုတော်တွေ ဖျက်ဆီးခံရမှုမှာ ပါဝင်ပတ်သက်မှု ရှိထားခဲ့ပါတယ်။

“ဒီလို အုပ်စုအဖွဲ့ငယ်လေးတစ်ဖွဲ့က ဒီတိုက်ခိုက်မှုတွေအားလုံးကို လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့ မထင်ဘူး။ သူတို့မှာ ပြည်ပအထောက်အပံ့ ရှိထားလားဆိုတာ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေတယ်။ ဒီအဖွဲ့ကနေ အသေခံဗုံးခွဲသမားတွေ ဘယ်လို ရှိလာသလဲဆိုတာနဲ့ ဒီလိုမျိုး ဗုံးတွေ ဘယ်လို ရရှိသလဲဆိုတာကို ကျွန်တော်တို့ လိုက်လံနေတယ်။”လို့ အစိုးရ ပြောခွင့်ရသူ ဆီနာရတ်နီက ပြောပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးဝါးဆုံး တိုက်ခိုက်မှုဖြစ်တဲ့ တနင်္ဂနွေနေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုတွေမှာ သေဆုံးသူဦးရေဟာ တနင်္လာနေ့မှာ နိုင်ငံခြားသား ဒါဇင်များစွာအပါအဝင် သေဆုံးသူဦးရေ ၂၉၀ အထိ ရှိခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly