သရော်စာနှင့် သံချပ်မှာ လက်ရှိချိန်အထိ ပြစ်မှုဖြစ်နေဟု ဒေါင်းတို့မျိုးဆက်အဖွဲ့ ဦးဆောင်သူပြော

သရော်စာနှင့် သံချပ်မှာ လက်ရှိချိန်အထိ ပြစ်မှုဖြစ်နေဟု ဒေါင်းတို့မျိုးဆက်အဖွဲ့ ဦးဆောင်သူပြော
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ ဧပြီလ ၂၂ ။         ။ သရော်စာနှင့် သံချပ်မှာ လက်ရှိချိန်အထိ ပြစ်မှုဖြစ်နေပြီး ဝေဖန်ထောက်ပြမှုများပါဝင်သည့် သံချပ်မှာ ပြစ်မှုတစ် ခုမဟုတ်ကြောင်း ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ  ဦးဆောင်ပါဝင်သူ ဖိုးသား (ခ) ကိုဇော်လင်းထွန်းက တရားရုံးမှအထွက်တွင် ပြောဆိုခဲ့သည်။

တပ်မတော်၏ တရားစွဲဆိုခံထားရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ဦးဆောင်ခဲ့သူ ကိုပိုင်ရဲသူ၊ ကိုဇေယျာ လွင်၊ မကေခိုင်ထွန်း၊ ဒီရေ(ခ) ကိုပိုင်ဖြိုးမင်းနှင့် ဖိုးသား (ခ) ကိုဇော်လင်းထွန်းတို့ ၅ ဦးက ဧပြီလ ၂၂ ရက်နေ့ တွင် မရမ်းကုန်းမြို့နယ်တရားရုံး၌ လာရောက်အမှုရင်ဆိုင်ခဲ့ပြီးနောက် အာမခံရရှိခြင်းမရှိဘဲ အင်းစိန်အကျဉ်း ထောင်အချုပ်သို့ ရဲတပ်ဖွဲ့မှ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

" ကျွန်တော်အဓိကပြောချင်တာ သံချပ်က ပြစ်မှုမဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ သံချပ်ဟာ အခု လက်ရှိအထိ ပြစ်မှုဖြစ်နေပါတယ်။ သရော်စာနဲ့ သံချပ်ဟာ ကျွန်တော်တို့ တိုင်းပြည်မှာ ပြစ်မှုဖြစ်နေပါတယ်။ အဲ့ဒီတော့ ကျွန်တော်အဓိကပြောချင်တာ သံချပ်သည် ပြစ်မှုမဟုတ်ပါဘူး"ဟု  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ  ဦးဆောင်ပါ ဝင်သူ ဖိုးသား (ခ) ကိုဇော်လင်းထွန်းကပြောဆိုခဲ့သည်။

အဆိုပါ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ဖျော်ဖြေခဲ့သည့် သံချပ်စာသားများမှာ တပ်မတော်အပေါ် ထိခိုက်မှုရှိ သည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးသန်းထွန်းမြင့်က တရားလိုပြုလုပ်ပြီး ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့မှ ဦးဆောင်သူများကို  ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးသို့ ဧပြီလ ၁၈ ရက်နေ့တွင် ဦးတိုက်လျှောက် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

" သူတို့က တပ်နဲ့ ပတ်သက်ပြီးတော့ ထိခိုက်တယ်လို့ သူတို့က ယုံကြည်လို့ စွဲတာပါ။ အဲ့ဒီတော့ ကျွန်တော် တို့က မထိခိုက်ဘူးဆိုတာကို သက်သေပြဖို့လိုတာပေါ့။ ဝေဖန်ခြင်းရှိတာကို။ သူတို့ကလည်း သံချပ်အနေနဲ့ အစဉ်အလာအရ ဝေဖန်တဲ့သဘော။ တစ်ဖက်ကလည်း မြင်တာက သူတို့ကို ထိခိုက်စေတယ်လို့ သူတို့မြင် တယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့က ငြင်းကြမှာပဲ"ဟု ဖမ်းဆီးတရားစွဲခံထားရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ဦးဆောင်သူပါဝင်သူ ကိုပိုင်ရဲသူနှင့် ဖိုးသား (ခ) ကိုဇော်လင်းထွန်းဘက်မှ လိုက်ပါဆောင်ရွက် ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က သင်္ကြန်သံချပ်တွင် ပါဝင်ဖျော်ဖြေရန် ဆင်ဆာတင်ခဲ့ခြင်းမရှိသည့်အတွက် ဆုပေးမဏ္ဍပ်များတွင် ဖျော်ဖြေခွင့် ပိတ်ခံရသော်လည်း သင်္ကြန်မတိုင်ခင် ဧပြီလ ၁၂ ရက်နေ့တွင် ဧရာတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်တွင် သံချပ်ထိုးဖျော်ဖြေကာ Facebook စာမျက်နှာတွင် Live လွှင့်ခဲ့သည်။

ထိုသို့ Live လွှင့်ခဲ့သည့်အတွက် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၂၅ ဦးစလုံးကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးက တရားလိုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ (ဃ)ဖြင့် ပုသိမ်မြို့နယ် တရားရုံးတွင် တရားစွဲထားကြောင်းလည်း သိရသည်။

ထို့နောက် မအူပင်၊ ဒေးဒရဲ၊ ဖျာပုံမြို့နယ်များတွင်လည်း ဖျော်ဖြေခဲ့ပြီး ကျောင်းကုန်းမြို့တွင် ဖျော်ဖြေစဉ် လူအုပ်စုတစ်စုမှ တားမြစ်ခဲ့ခြင်းကြောင့် ဖျော်ဖြေမှုဖျက်သိမ်းခဲ့ရကာ ၎င်းတို့ ဖျော်ဖြေခဲ့သည့် သံချပ်စာ သားများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လွှတ်တော်ထဲတွင် တပ်မတော်ကိုယ်စားလှယ်များ ပါဝင်နေသည့်ကိစ္စများကို ဆန့်ကျင်သည့် စာသားများ ပါဝင်နေပြီး တပ်မတော်ဝတ်စုံ ဝတ်ဆင်ကာ သရုပ်ပြ ကွက်များလည်း ပါဝင်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့)တွင်လည်း ၎င်းနည်းတူ သင်္ကြန်သံချပ် ဆင်ဆာမတင်ထားသည့် အိုးဝေသံ၊ ဒို့အသံ၊ ကျောင်းနံရံသံချပ်အဖွဲ့တို့နှင့်အတူ မြောက်ဥက္ကလာမြို့နယ်၊ ကန်သာယာပန်းခြံအတွင်း စုပေါင်းဖျော်ဖြေမှုများလည်း ပြုလုပ်ခဲ့သည်။

လက်ရှိတွင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ဦးဆောင်ပါဝင်သူ ၅ ဦးအား တရားစွဲဆိုထားသောအမှုကို မရမ်းကုန်းမြို့နယ်တရားသူကြီးက လာမည့် ဧပြီလ ၂၉ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly