ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ဆရာမများ အရည်အသွေးမြှင့်တင်မှုသင်တန်း မန္တလေးမြို့တွင် ဖွင့်လှစ်

ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ဆရာမများ အရည်အသွေးမြှင့်တင်မှုသင်တန်း မန္တလေးမြို့တွင် ဖွင့်လှစ်

မန္တလေး၊ဧပြီ ၂၂ ။         ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ဆရာမများ အရည်အသွေးမြှင့်တင်မှု သင်တန်းဖွင့်ပွဲကို မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ၆၈ လမ်း၊၂၈ လမ်းနှင့်၂၉ လမ်းကြားရှိ အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်းတွင် ဧပြီ ၂၂ ရက်၊နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဧပြီ ၂၂ ရက်မှ မေ ၂၂ ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ၊ဆရာမ ၅၆၇ ဦး တက်ရောက်သည်။

ယခုဖွင့်လှစ်သည့်သင်တန်းကို ပညာရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှု၊ ပညာတန်ဆောင်နှင့် မန္တလေးတိုင်း ဒေသကြီး ကိုယ်ပိုင်အထက်တန်းကျောင်းများအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။

အဆိုပါဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်နှင့်အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက"ကလေးတွေရဲ့ ပင်ကိုယ်ဉာဏ် ပိုမို ဖွံ့ဖြိုးဖို့ကတော့ အခုသင်တန်းခန်းမထဲမှာရှိတဲ့ သင်တန်းသူ၊ သင်တန်းသားများဖြစ်တဲ့ ဆရာ၊ ဆရာမများရဲ့ သမိုင်းပေးတာဝန်တစ်ရပ်လို့ မှတ်ယူပြီး မိမိကိုယ်မိမိလည်း ကျွမ်းကျင်တတ်မြောက်အောင် ၊ တော်အောင် ကြိုးစားဖို့ လိုပါတယ်။ မိမိတို့ရဲ့ မျိုးဆက်သစ်ကိုများစွာ တော်တဲ့၊ တတ်တဲ့ မျိးဆက်သစ်ဖြစ်အောင် သင်ကြား ပို့ချပေးဖို့လည်း လိုပါတယ်။ လူတော်၊ လူကောင်းဖြစ်ဖို့လည်း လမ်းညွှန်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။"ဟု ပြောသည်။

ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားပေးနေသည့် ဆရာ၊ဆရာမများကို ယခုလို အရည်အသွေးမြှင့်တင်ပေးသည့် သင်တန်းကို မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခြင်းဖြစ်ပြီး နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးနိုင်ရန်အတွက်လည်း စီမံဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင် အထက်တန်းကျောင်းများအသင်းမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းစိုးက "သင်တန်း ဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိပညာရေးမှာ ပိုမိုပြီးတော့ စဉ်းစားတွေးခေါ်မှုကို ပိုမိုပြီးတော့ အခြေခံတဲ့ ပညာရေးစနစ်တစ်ခုဖြစ်အောင် ဆရာ၊ဆရာမတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးချင်လို့ ဖြစ်ပါတယ်။"ဟု ပြောသည်။

ယခုလို သင်တန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာပါ ဖွင့်လှစ်နိုင်ရန် လိုအပ်လျှက်ရှိသည့်၊ လိုအပ်သည် များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ မူဘောင်ထဲမှ ကူညီဆောင်ရွက်ပေးသွားမည်ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်ဝင်းက ဆိုသည်။

"ဒီလိုကိစ္စမျိုးတွေမှာ ရန်ကုန်၊ မန္တလေးလိုမြို့မျိုးအပြင် ပြည်နယ်နဲ့တိုင်းတစ်ခွင် မှန်ကန်တဲ့ ဆရာအတတ်သင် ပညာကို ဖြန့်ဖြူးပေးနိုင်ရင်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ အရည်အသွေးရနိုင်မှာ ဖြစ်ပါတယ်။"ဟု ၎င်းက ပြောသည်။

ယခုသင်တန်းသို့ ကိုယ်ပိုင်ကျောင်းများမှ မူလတန်းပြ(၂၇၂)ဦး၊ အလယ်တန်းပြ (၁၅၉)ဦးနှင့် အထက်တန်းပြ (၁၃၆) ဦး စုစုပေါင်းဆရာ၊ ဆရာမ(၅၆၇)ဦး တက်ရောက်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly