သီရိလင်္ကာမှာ ပေါက်ကွဲမှုတွေ ထပ်ဖြစ်ပြီး သေဆုံးသူဦးရေ တိုးလာ၊ အစိုးရက ညမထွက်ရ ကာဖျူးအမိန့်ထုတ်

သီရိလင်္ကာမှာ ပေါက်ကွဲမှုတွေ ထပ်ဖြစ်ပြီး သေဆုံးသူဦးရေ တိုးလာ၊ အစိုးရက ညမထွက်ရ ကာဖျူးအမိန့်ထုတ်

ဧပြီ ၂၁ ။     ။ သီရိလင်္ကာနိုင်ငံမှာ ယနေ့ တနင်္ဂနွေနေ့ အီစတာ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပနေစဉ် ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အဆင့်မြင့် ဟိုတယ်တွေမှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ ဖြစ်လို့ ယခုအခါ သေဆုံးသူဦးရေဟာ ၁၅၆ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။ ၎င်းတို့ထဲမှာ နိုင်ငံခြားသား ၃၅ ဦးခန့်လည်း ပါဝင်ပါတယ်။

ဒီ တိုက်ခိုက်မှုတွေကို သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ ဝန်ကြီးချုပ် ရာနေးလ် ဝစ်ခရီ မက်ဆင်ဟီက ပြစ်တင်ခဲ့ပြီး အခြေအနေကို ထိန်းသိမ်းဖို့ အစိုးရဘက်က ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အစောပိုင်းတုန်းက ပေါက်ကွဲမှု ခြောက်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ မြို့တော် ကိုလံဘိုမှာ နောက်ထပ် ပေါက်ကွဲမှုတွေ ထပ်ဖြစ်ခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ယခု တိုက်ခိုက်မှုတွေဖြစ်ပြီးနောက် နိုင်ငံမှာ ညမထွက်ရ ကာဖျူးအမိန့် တစ်ရပ်ကို အစိုးရက ထုတ်လိုက်ပြီး လူမှုကွန်ရက် အသုံးပြုမှုကိုပါ ယာယီပိတ်ထားလိုက်ပါတယ်။

ယခု တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်အကြီးအကဲတွေကလည်း အသီးသီး ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

ဒီ ပေါက်ကွဲမှုတွေရဲ့ ဇစ်မြစ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးသလို ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲဆိုတာကိုလည်း သေချာမသိရသေးပါဘူး။

ဒါပေမယ့်လည်း နိုင်ငံမှာ လူသိများတဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲတိုက်ခိုက်လာနိုင်တယ်ဆိုပြီး သီရိလင်္ကာ ရဲမှူးချုပ် ပူဂျုသ် ဂျာယာဆန်ဒရာက ပြီးခဲ့တဲ့ ဆယ်ရက်လောက်တုန်းက သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားခဲ့တယ်လို့ ဆိုပါတယ်။

ယင်းသတိပေးချက်ထဲမှာတော့ NTJ (National Thowheeth Jama’ath) လို့ခေါ်တဲ့ အဖွဲ့တစ်ခုက သီရိလင်္ကာမှာ အသေခံတိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေကြောင်း ပြည်ပ ထောက်လှမ်းရေးအေဂျင်စီတစ်ခုဆီကနေ သတင်းရထားတယ်လို့လည်း ဖော်ပြပါရှိပါတယ်။

NTJ ဆိုတာကတော့ သီရိလင်္ကာမှာ အခြေစိုက်တဲ့ အစွန်းရောက် မွတ်ဆလင် အုပ်စုတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက ဗုဒ္ဓဆင်းတုတော်တွေ ဖျက်စီးခံရမှုနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly