သီရိလင်္ကာမှာ ဘုရားကျောင်း၊ ဟိုတယ်တွေ ဖောက်ခွဲတိုက်ခိုက်ခံရပြီး သေဆုံးသူ ၁၄၀ နီးပါးအထိ ရှိလာ

သီရိလင်္ကာမှာ ဘုရားကျောင်း၊ ဟိုတယ်တွေ ဖောက်ခွဲတိုက်ခိုက်ခံရပြီး သေဆုံးသူ ၁၄၀ နီးပါးအထိ ရှိလာ

ဧပြီ ၂၁ ။     ။ သီရိလင်္ကာနိုင်ငံမှာ ယနေ့ ဧပြီ ၂၁ ရက်က ဟိုတယ်တွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ သေဆုံးသူဦးရေ ၁၃၇ ဦးထက် ရှိနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။သေဆုံးသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါနေတယ်လို့ ဆိုပါတယ်။

မြို့တော် ကိုလံဘိုမှာ ဟိုတယ်သုံးလုံး၊ ဘုရားရှိခိုးကျောင်းတစ်ကျောင်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး လူ ၄၅ ဦး သေဆုံးသွားတယ်လို့ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလားတူ မြို့တော် မြောက်ပိုင်း နီဂွန်ဘိုမြို့က ဘုရားရှိခိုးကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရမှုကြောင့် လူ ၆၇ ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာလည်း နိုင်ငံ အရှေ့ပိုင်း ဘက်တစ်ကယ်လိုအာ မြို့က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာလည်း အလားတူ ဖောက်ခွဲတိုက်ခိုက်ခံရမှုဖြစ်ပြီး လူ ၂၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

ခုဖြစ်စဉ်တွေမှာ ဒဏ်ရာရရှိသူလည်း အများအပြား ရှိနေခဲ့တယ်လို့ သိရပါတယ်။

ယင်းနိုင်ငံမှာ ယနေ့ ဧပြီ ၂၁ ရက် အီစတာ ဝတ်ပြုဆုတောင်းပွဲတွေပြုလုပ်စဉ်မှာ ယခုလို ဖောက်ခွဲတိုက်ခိုက်မှုတွေ နေရာအသီးသီးမှာ တစ်ပြိုင်နက်တည်းလိုလို ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှု ခြောက်ခုထက်မနည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီ ဖောက်ခွဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ လက်တလော ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံထုတ်ဖော်ထားခြင်းတော့ မရှိသေးပါဘူး။ အာဏာပိုင်တွေဘက်ကတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေလျက်ရှိပါတယ်။

ဒီ တိုုက်ခိုက်မှုတွေဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း သီရိလင်္ကာဝန်ကြီးချုပ် ရာနေးလ် ဝစ်ခရီမက်ဆင်ဟီက ပြစ်တင်ရှုတ်ချသွားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly