ကြီးမှပေါက်တဲ့ ဝက်သက်

ကြီးမှပေါက်တဲ့ ဝက်သက်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ဝက်သက်လို့ပြောရင် ကလေးတွေမှာပဲပေါက်တာလေလို့များတွေးနေလား၊ မဟုတ်ပါဘူးနော်။ အသက်ကြီးမှလည်း ဝက်သက်ပေါက်နိုင်ပါတယ်။ ကြီးမှပေါက်တဲ့ ဝက်သက်က ပိုခံရခက်ပါတယ်။ ဝက်သက်က အရွယ်မရွေးပေါက်နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အခုတစ်ခေါက်တော့ အသက်ကြီးမှပေါက်တဲ့ ဝက်သက်အကြောင်းလေးနည်းနည်းလောက်ပြောပြပါရစေလား။
ဝက်သက်ဆိုတာက ဘာလဲ
ဝက်သက်ဆိုတာက အသက်ရှုလမ်းကြောင်းစနစ်မှာ ပိုးဝင်ကူးစက်တဲ့ရောဂါတစ်မျိုးပေါ့။ ကူးစက်မြန်တဲ့ရောဂါတစ်မျိုးပါ။ ရောဂါပိုးရှိနေတဲ့ ချွဲသလိပ်တွေ၊တံထွေးတို့နဲ့ထိမိရင်ဖြစ်ဖြစ် ရောဂါပိုးရှိတဲ့လူကနှာချေလိုက်တဲ့အခါ ချောင်းဆိုးလိုက်တဲ့အခါမှာ ရောဂါပိုးတွေပြန့်နှံ့ပြီး ကူးစက်နိုင်ပါတယ်။
ဒီရောဂါပိုးဟာပြင်ပလေထုနဲ့ ပစ္စည်းတွေပေါ်မှာ အချိန်အတော်ကြာရှင်သန်နေနိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သူနဲ့ နီးနီးကပ်ကပ်နေရင်ဖြစ်ဖြစ်၊ ရောဂါပိုးတွေကပ်ငြိနေတဲ့ နေရာကို ထိတွေ့မိရင်ဖြစ်ဖြစ် ဝက်သက်ရောဂါကူးစက်ဖြစ်ပွားနိုင်ပါတယ်။ ရောဂါပိုးရှိသူနဲ့ တစ်ခွက်တည်းအတူတူသောက်မိတာ၊အသုံးအဆောင်တွေအတူတူမျှသုံးတာတွေကြောင့် ဝက်သက်ရောဂါကူးစက်ခံရနိုင်ပါတယ်။

ဝက်သက်က ကလေးငယ်တွေကိုအသက်ဆုံးရှုံးစေတဲ့ အဓိကအကြောင်းအရင်းပါ။ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ ဝက်သက်ရောဂါကြောင့် ကလေးငယ် ၁၁၄၉၀၀ ဦးအထိရှိခဲ့တာပါ။ အသက် ၅ နှစ်အောက်ကလေးငယ်တွေဟာ ဝက်သက်ရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ ဝက်သက်က ဒီလောက်ထိကြောက်ဖို့ကောင်းတာပါ။
ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ

ဝက်သက်ရောဂါပိုးက ကူးစက်ခံထားရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာရောဂါလက္ခဏာပြတတ်ပါတယ်။ ဝက်သက်ကူးစက်ခံထားရပြီဆိုရင်

    အဖျားတက်မယ်
    ချောင်းခြောက်ဆိုးမယ်
    နှာစေးမယ်
    လည်ချောင်းနာမယ်
    မျက်လုံးတွေရောင်မယ်
    မျက်လုံးတွေနီရဲနေမယ်
    အလင်းမခံနိုင်ဖြစ်မယ်
    ကြွက်သားတွေနာမယ်
    ပါးစပ်ထဲမှာ အဖြူအစက်ကလေးတွေထွက်မယ်။

ဒီအချက်တွေကြောင့် ဝက်သက်ဖြစ်နိုင်တယ်

ဝက်သက်ကအပေါ်မှာပြောခဲ့သလိုပဲ ကူးစက်ရောဂါတစ်မျိုးပါ။ မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်မှာပါ။

    ကာကွယ်ဆေးမထိုးထားတာ
    ရောဂါရှိတဲ့နေရာကိုသွားလာမိတာ
    ဗီတာမင် A ချို့တဲ့နေတာ
    ရောဂါပိုးရှိတဲ့အရာတွေကို ထိတွေ့မိတာ
    ရောဂါပိုးကူးစက်ခံထားရသူနဲ့ နီးနီးကပ်ကပ်နေတာ
    အသုံးအဆောင်တွေမျှသုံးတာ တွေကြောင့် ဝက်သက်ကူးစက်ခံရနိုင်ပါတယ်။

နောက်ဆက်တွဲရောဂါအနေနဲ့ ဘာတွေခံစားရနိုင်လဲ

ဝက်သက်ရောဂါက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ရောဂါတစ်ခုဖြစ်တာကြောင့် ကာကွယ်ဆေးမဖြစ်မနေထိုးသင့်ပါတယ်။ ဝက်သက်ကြောင့်နောက်ဆက်တွကြျန်းမာရေးပြဿနာတွကလည်းကြုံရနိုင်ပါသေးတယ်။

    အဆုတ်ရောင်ရောဂါ
    ဦးနှောက်အမြှေးရောင်
    နားပိုးဝင်တာ
    ချောင်းဆိုးရင်ကြပ်
    ကိုယ်ဝန်ပျက်ကျတာ
    လမစေ့ဘဲကလေးမွေးဖွားတာ
    မျက်လုံးကွယ်တာ
    ပြင်းထန်တဲ့ ဝမ်းလျှောရောဂါတွေကိုခံစားရနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ

ဝက်သက်ရောဂါက ကာကွယ်ပေးမှုကအထိရောက်ဆုံးကုထုံးပါ။တကယ်လို့ သင့်အနေနဲ့ ဝက်သက်ရောဂါခံစာနေရမယ်ဆိုရင်တော့ ဒီနည်းလမး်လေးတွေက အသုံးတည့်မှာပါ။

အနားယူပါ – ခန္ဓာကိုယ်ကို အနားကောင်းကောင်းပေးပါ။ ပင်ပင်ပန်းပန်းဘာမှမလုပ်ပါနဲ့။

အရည်များများသောက်ပါ – ရေများများသောက်ပေးပါ၊ ရေနွေးလိုမျိုး ရေဓာတ်ဖြည့်ပေးတဲ့အရည်တွေကိုသောက်ပေးလို့လည်းရပါတယ်။ အဖျားကျစေဖို့နဲ့ ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ရေဓာတ်တွေကိုဖြည့်တင်းနိုင်ဖို့အတွက်ပါ။

အစိုထိန်းစက်လေးဖွင့်ပေးထားပါ – ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာကိုသက်သာစေဖို့အတွက် လေထုထဲမှာ အစိုဓာတ်ရှိနေစေဖို့ အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးပါ။

မျက်လုံးတွေကို အနားပေးပါ – အလင်းဒဏ်ကို မခံနိုင်တာမျိုးဖြစ်နိုုင်တာကြောင့် မျက်လုံးကို အနားပေးပါ။ ဖုန်းတွေမသုံးပါနဲ့။ တီဗွီတွေမကြည့်ပါနဲ့။

အခုဆောင်းပါးလေးတွေက ဝက်သက်ပေါက်နေသူတွေအတွက် အသုံးတည့်ဖို့မျှော်လင့်ပါတယ်…….

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly