မင်းဘူးမြို့တွင် ဉာဏ်တော်အမြင့် ၂၂ ပေရှိ နှီးဘုရား တည်ထားကိုးကွယ်မည်

မင်းဘူးမြို့တွင် ဉာဏ်တော်အမြင့် ၂၂ ပေရှိ နှီးဘုရား တည်ထားကိုးကွယ်မည်
ဓာတ်ပုံ- ကိုဂျေ(မင်းဘူး)

မင်းဘူး ဧပြီ ၂၁ ။    ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့၊ အမှတ်(၃)နယ်မြေ ချမ်းမြေ့သာစည် တောရ ကျောင်းတိုက်အတွင်းတွင် ဉာဏ်တော်အမြင့် ၂၂ ပေရှိ နှီးဘုရား တည်ထားကိုးကွယ်မည်ဖြစ်ကြောင်း သိရသည်။

"ဦးဇင်းတို့ နှီးဘုရားကြီးကို ဒူးတော်အကျယ်(၁၈)ပေ၊ ညဏ်တော်အမြင့်(၂၂)ပေ အရွယ်အစားနဲ့ တည်ထား ကိုးကွယ်သွားမှာပါ၊ အလှူရှင်များကောင်းမှုနှင့် စတင်တည်ဆောက်နေခြင်းဖြစ်ပြီး ပလ္လင် စံကျောင်းတော် အပါအဝင် စုစုပေါင်း ကျပ်သိန်း (၅၀၀)ခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားတယ်" ဟု ချမ်းမြေ့သာစည် တောရ ကျောင်းတိုက်ဆရာတော် ဦးဉာဏောဘာသက မိန့်ကြားသည်။

အဆိုပါ နှီးဘုရားကြီးကို ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်မှ နှီးလက်မှုပညာရှင် "ဦးစိုင်းကာလိန်ဒ" အပါအဝင် ပညာရှင် ၅ ဦးဖြင့် ၁၃၈၀ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက်နေ့မှ စတင် ဆောင်ရွက်နေပြီး ကြာချိန် တစ်လခွဲအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

နှီးဘုရားအတွက် လိုအပ်သည့်ဝါးများကို ရှမ်းပြည်မြောက်ပိုင်းတွင် ပေါက်ရောက်သော ပိုးမထိုးနိုင်သည့် ကြိမ်မျိုးနွယ်ဝင်ဝါးများဖြင့် ရက်လုပ်နေခြင်း ဖြစ်ကြောင်း သီပေါမြို့နယ်၊ နှီးလက်မှုပညာရှင် ဦးစိုင်းကာလိန်ဒ ထံက သိရသည်။

နှီးဘုရားကြီးအား ဒေသခံများအပါအဝင် စေတနာရှင်များဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်ပြီး နှီးဘုရား ဘက်စုံ တည်ထားကိုးကွယ်ရန်အတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required