ရေပြင်ကြီးတစ်ခုအောက်က စေတီပုထိုး နဲ့ အိုးအိမ်များ( အိမ်ရှေ့မြောင်ရွာ ခရီးသွားဆောင်းပါး ၁ )

ရေပြင်ကြီးတစ်ခုအောက်က စေတီပုထိုး နဲ့ အိုးအိမ်များ( အိမ်ရှေ့မြောင်ရွာ ခရီးသွားဆောင်းပါး ၁ )

တလံလောက်သာကျယ်တဲ့ တောင်ကုန်းနှစ်ခုကြား ရေတိမ်တိမ်မှာ စက်လှေကို စက်သပ်ပြီး ထိုးဝါးအကူနဲ့ တိုးဝင်လာကြတဲ့အခါ ကုန်းပေါ်က သစ်ပင်တောအုပ်ကြား ငှက်တချို့ အလန့်တကြားထပျံတဲ့အသံကို ကြားလိုက်ကြရပါတယ်။

စက်လှေဆရာက ထိုးဝါးကိုထောက်ပြီး အဲဒီတောင်ကုန်းကြား ဝင်ပေါက်ကို တွန်းကာထောက်ကာ စက်လှေကိုဖြတ်ဖို့လုပ်ပါတယ်။ ကျနော်တို့အားလုံး မတိုင်ပင်ထားကြပဲလျက် အလိုလိုအသံတိတ်နေခဲ့ကြပါတယ်။ လိုက်ပို့တဲ့ အိမ်ရှေ့မြောင်ရွာက ကိုထွန်းခင်ရဲ့စကားက စိတ်ဝင်စားဖို့ ကောင်းလှတာမို့ ကျနော်တို့အားလုံး အလိုလို အသံတိတ်ပြီး ကုန်းနှစ်ခုကြားရဲ့ ဟိုဘက်ကို မျှော်လင့်တကြီး လှမ်းကြည့်ရင်း ငြိမ်နေခဲ့ကြတာပါ။
“ ဒီ ရှိုကလေးကထွက်ရင် ရေအောက်ရောက်နေတဲ့ ကျနော်တို့ရွာနဲ့ ဘုန်းကြီးကျောင်း၊ စေတီတစ်ဆူ၊ လယ်ကွင်းနဲ့ လှည်းလမ်းတွေ သစ်ပင်တောအုပ်တွေပေါ် ကျနော်တို့ ရောက်ပြီပေါ့”
ကျနော်တို့လူသိုက် စက်လှေပေါ်မှာ ငြိမ်သက်စွာ လိုက်ပါလာရင်းက တဖြေးဖြေး မြင်ကွင်းကျယ်လာတဲ့ ရေပြင်ကြီးဆီ ရောက်လာကြပါတယ်။ ခန့်မှန်းခြေအားဖြင့် သုံးမိုင်လောက်ကျယ်မယ်ထင်ရတဲ့ ရေပြင်ကျယ်ကြီးတစ်ခုဟာ ကျနော်တို့ရှေ့မှာ တပြန့်တပြူး မြင်လာကြရပါတယ်။ ဒီရေပြင်ကြီးရဲ့အောက်မှာ အိမ်ရှေ့မြောင်ရွာ နဲ့ လယ်ယာစိုက်ခင်းတွေ လှည်းလမ်းတွေ၊ ဘုရားစေတီနဲ့ ဘုန်းတော်ကြီးကျောင်းတွေ ရှိနေတယ်ဆိုတာ တကယ်ပဲလား။ ပုံပြင်များလား။

အမှန်တော့ ဒီရေပြင်ကြီးရဲ့အောက်မှာ အိမ်ရှေ့မြောင်ရွာကလေးနဲ့ ဘုန်းတော်ကြီးကျောင်း၊ ဘုရားစေတီတစ်ဆူ ရှိနေတယ်ဆိုတာ အမှန်ပါပဲ။ ရေအောက်ရောက်သွားခဲ့တာလည်း မကြာလှသေးပါဘူး။ ငါးနှစ်ကျော် လောက်ပဲ ရှိပါသေးတယ်။ ခပေါင်းဆည်တမန်ကြီးတည်ဆောက်တဲ့အခါ ဆည်ရေလှောင် ရေဝပ်ဧရိယာနဲ့ မလွတ်တဲ့အတွက် အိမ်ရှေ့မြောင်ရွာဟာ ရွာနေရာပြောင်းပေးခဲ့ရပါတယ်။ ဘုန်းတော်ကြီးကျောင်းနဲ့ ဘုရားစေတီကိုတော့ ဒီအတိုင်းထားခဲ့ကြရပြီး ရွှေ့ပြောင်းဖို့ လွယ်ကူတဲ့ အိုးအိမ်တချို့ကိုတော့ ဖျက်ပြီးမှ သယ်ကြရပါတယ်။

တကယ်တော့ အိမ်ရှေ့မြောင်ရွာဟာ အခုလက်ရှိရွာသစ်တည်ထားတဲ့နေရာရောက်ဖို့ နှစ်ကြိမ်ပြောင်းရွှေ့ခဲ့ရတဲ့သဘော ရှိပါတယ်။ ပထမ သက်ဆိုင်ရာက နေရာချပေး( နေရာချပေးတယ်ဆိုတာကလည်း လက်ညှိုးထိုး နေရာချပေးတဲ့သဘောပါပဲ။)တဲ့နေရာကို တစ်ရွာလုံးရွှေ့ပြောင်းပြီးကာမှ နောက်တော့ ရေတွေရောက်လာလို့ နောက်ထပ်တနေရာ ထပ်ရွှေ့ကြရတာပါ။ နောက်ထပ်နေရာရွှေ့တဲ့အခါ ရွာနေရာရွေးရ ရှာရ မိုးတွေတဖြိုင်ဖြိုင်ကျနေတဲ့အချိန် ကိုယ့်အစီစဉ်နဲ့ကိုယ် ပြောင်းကြရတာပါ။ ရေတွေ ရုတ်တရက်ရောက်လာတာဖြစ်လို့ အချိန်မီ ရေလွတ်အောင် အပြေးအလွှား ပြောင်းကြရွှေ့ကြရတာပါ။ ဒုတိယအကြိမ် ရွာထပ်ပြောင်းဖို့လုပ်တဲ့အချိန်မှာတော့ ရွာဦးဆရာတော်က စိတ်သောကကြီးတဲ့ဒုက္ခနဲ့ ရေထဲခုန်ချ သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပြီး အရွယ်မရောက်သေးတဲ့ မိန်းကလေး ညီအစ်မနှစ်ယောက်လည်းပဲ ရေနစ်သေဆုံးခဲ့ကြရပါသေးတယ်။

ကျနော်တို့လူသိုက်ထဲမှာ ကျွှဲပွဲမြို့ လူမှုကယ်ဆယ်ရေးပရဟိတလူငယ်တစ်ယောက်ဖြစ်တဲ့ ကိုဖိုးသား၊ ရန်ကုန်မြို့ ကရုပ်သံသတင်းထောက် မနေခြည်ချို၊ ကျွဲပွဲမြို့ကပဲ ရုပ်သံရိုက်ကူးဝါသနာရှင် ကိုမြတ်ထက်ထွန်း၊ ကျနော်နဲ့ စက်လှေဆရာတို့ ဖြစ်ကြပါတယ်။

ကျနော်တို့လူသိုက်ဟာ အိမ်ရှေ့မြောင်ကို လေ့လာရေးခရီး လာခဲ့ကြတာပါ။ အိမ်ရှေ့မြောင်ရွာမှာ စာတတ်သူတစ်ဦးမှမရှိတဲ့အကြောင်း၊ ( ရာအိမ်မှူးတစ်ဦးသာစာတတ်သူ ရဟန်းလူထွက်ဖြစ်ပါတယ်။) လမ်းပမ်းဆက်သွယ်ရေး ခက်ခဲလှကြောင်း( ကားလမ်းမကြီးနဲ့ ခြေလျင်တောင်ဆင်းတောင်တက်လမ်းသာရှိ)၊  နှစ်နှစ်သားသာရှိသေးတဲ့ စာသင်ကျောင်းကလေးက ဆင်းရဲနွမ်းပါးလှကြောင်း၊ ဒီရွာဟာ ခပေါင်းဆည်ကြီးတည်ဆောက်စဉ်က တစ်အိမ်ထောင် ငွေငါးထောင်လျော်ကြေးပေးပြီး( မြို့ကို ကိုယ့်စာရိတ်နဲ့ကိုယ်သွားပြီး လျော်ကြေးထုတ်ကြရမှာဖြစ်လို့ ခရီးစရိတ်တောင်မလောက်လို့ မည်သူမျှ သွားမထုတ်ကြပါ။) အဓမ္မ ရွာရွှေ့ပြောင်းခံခဲ့ရတဲ့ရွာဖြစ်ကြောင်းနဲ့ ဒီရွာနဲ့တဆက်တစပ်တည်း ခပေါင်းဆည်ကြီးထဲ တစတစ ရောက်လာကြတဲ့ ဖေါင်းပေါ်နေ တံငါမိသားစုများအကြောင်း လေ့လာချင်လို့ ကျနော်တို့လူသိုက် ရောက်လာခဲ့ကြတာပါ။

ဒီကနေ့တော့ အိမ်ရှေ့မြောင်ရွာက စက်လှေတစ်စင်းငှားပြီး ရေအောက်ရောက်သွားရတဲ့ အိမ်ရှေ့မြောင်ရွာဟောင်းနေရာတချို့နဲ့ ခပေါင်းဆည်ဝန်းကျင်တဝိုက်ကို ဦးစွာပထမ လိုက်လံကြည့်ရှုဖို့ ထွက်လာခဲ့ကြတာပါ။
ကမ်းစပ်နဲ့ မနီးမဝေးနေရာတချို့မှာ ရေထဲ နှစ်ရှည်လများ နေလာခဲ့ရသည့်တိုင် အသက်မသေသေးဘဲ တောင့်ခံထားတဲ့သဘော သစ်ကိုင်းခြောက်ကြီးတွေ ထိုးထိုးထောင်ထောင် တွေ့နေရစဲပါပဲ။ ကမ်းနှစ်ဘက်မှာ သစ်ပင်ဝါးပင်( သစ်တော့ မရှိသလောက်ဖြစ်နေပါပြီ၊ ဒီဒေသကိုလာရောက်ပြီး သစ်လုပ်ငန်းလုပ်ခွင့်ရကြတဲ့ သစ်ကုမ္ပဏီကြီးက စည်းမရှိကမ်းမရှိ အတိုင်းအတာမရှိ ခုတ်လှဲသယ်ယူသွားကြပြီဖြစ်လို့ သစ်ကြီးဝါးကြီး မရှိသလောက်ဖြစ်နေပါပြီလို့ စက်လှေဆရာက ပြောပြပါတယ်။) ၀ါးရုံတောတွေနဲ့ အခြား ခတ်ညံ့ညံ့သစ်တချို့ကို စိမ်းစိမ်းစိုစိုမြင်နေရပါတယ်။

စက်လှေပေါ်ကတဆင့် ခပေါင်းဆည်ကြီးကို တမျှော်တခေါ်ကြီး လိုက်ကြည့်ရင်းက အိမ်ရှေ့မြောင်ရွာလေး ဘယ်လောက်အထိ အတိဒုက္ခရောက်ခဲ့ကြမလည်းဆိုတဲ့အတွေးက ကျနော့်ကို အသက်ရှူကြပ်အောင်ဖြစ်စေပါတယ်။
၂၀၁၅ ခုထဲတုန်းက မကွေးတိုင်း စေတုတ္တရာမြို့ ရေကြီးစဉ်က ရေကြီးတဲ့ဒဏ် အလူးအလဲခံရ တစ်ရွာလုံး တောင်ပေါ်တက်ပြေးရ ရွာသစ်နေရာ ရှာဖွေကြရတဲ့ ပွင့်တောက်ဆိုတဲ့ ရွာကလေးဆီကိုလည်း စက်လှေစီးလာရင်းကပဲ စိတ်ကရောက်ရောက်နေခဲ့ပါသေးတယ်။

ပွင့်တောက်ရွာကလေး ရေဘေးဒဏ်သင့်လို့ ဒုက္ခရောက်နေကြပြီဆိုတဲ့သတင်းကို ကျနော်ကြားရတဲ့အခါ ရေဘေးကူညီကယ်ဆယ်ရေး ၀ိုင်းလုပ်ဖို့ရောက်လာတဲ့ ကျနော်ဟာ ကူညီကယ်ဆယ်ရေး စက်လှေနှစ်စီးနဲ့ မုန်းဆည်ကြီးရဲ့အထက်ဘက်ကို တနေကုန် ဆန်တက်ပြီး ရောက်ခဲ့ဖူးပါတယ်။

ပွင့်တောက်ရွာကလေးကလည်း အခု အိမ်ရှေ့မြောင်ရွာရဲ့ ကံကြမ္မာဆိုးမျိုးကို ရေမကြီးစဉ်က ကြုံခဲ့ပြီးတဲ့ရွာကလေးပါ။ အိမ်ရှေ့မြောင်ရွာလိုပဲ သူတို့လည်းပဲ ဆည်တမန်တည်ဆောက်ဖို့ ရေမလွတ်လို့ဆိုပြီး အတင်းအဓမ္မပြောင်းရွှေ့ခံခဲ့ရတဲ့ရွာကလေးပါပဲ။ နောက်တော့မှ ဆယ်စုနှစ်မရှိခင်မှာပဲ မုန်းချောင်းရေကြီးပြန်လို့ အခြေတည်ထားပြီးဖြစ်တဲ့ အဲဒီရွာနေရာကို စွန့်ခွါကြရဖို့ဖြစ်လာတာပါ။ ပွင့်တောက်ရွာကို ကျနော်တို့ရောက်သွားစဉ်က ရွာဟောင်းနဲ့မနီးမဝေး တောင်ကုန်းတစ်ခုပေါ်မှာ ရွာနေရာသစ်ရှာရင်း ယာယီနေထိုင်နေကြရတဲ့အချိိန်ဖြစ်ပါတယ်။

အခုလည်း ခပေါင်းဆည်ကြီးတည်ဆောက်ဖို့အတွက် ဆည်ရေဝပ်ဧရိယာနဲ့မလွတ်တဲ့ ကျေးရွာတွေ မဖြစ်မနေ ကိုယ့်အစီစဉ်နဲ့ကိုယ် ပြောင်းရွှေ့ကြရမယ်လို့ဖြစ်လာတဲ့အခါ အိမ်ရှေ့မြောင်ရွာလည်း တစ်ရွာအပါအဝင်ဖြစ်လာခဲ့ပါတယ်။

အိမ်ရှေ့မြောင်ရွာကတော့ ပထမ ရွှေ့ပြောင်းနေထိုင်ဖို့ ရွေးချယ်ထားတဲ့နေရာမှာ နေထိုင်လို့မှ နှစ်နှစ် မပြည့်ခင်မှာပဲ အဲဒီရွာနေရာသည်လည်းပဲ ရေမလွတ်ပြန်ဘူးဖြစ်လာတာမို့ ထပ်ပြီး ပြောင်းကြရွှေ့ကြရပြန်ပါတယ်။ ကျနော်တို့ကို ၀ိုင်းဝန်းပြောပြကြတဲ့ သူတို့ရဲ့ ဖြတ်သန်းမှုတွေနဲ့ သူတို့ရဲ့ ကြေကွဲဖွယ်ဒုက္ခတွေကိုကြားကြရတဲ့အခါ ကျနော်တို့လည်း စိတ်မကောင်းဖြစ်ကြရပါတယ်။

ကျနော်တို့က အိမ်ရှေ့မြောင်ရွာကလေးအကြောင်း ကျနော်တို့တတ်ကျွမ်းသလောက် မှတ်သားရိုက်ကူးပြီး အခြေအနေပေးရင် ပေးသလောက် တိုင်းပြည်သိအောင် ဆောင်ရွက်ကြမှာဖြစ်ကြောင်း ရှင်းပြတော့ သူတို့အားလုံးရဲ့ မျက်လုံးတွေဟာ အရောင်တလက်လက်ဖြစ်လာကြပါတယ်။ သူတို့အပေါ် စာနာစိတ်ရှိသူတွေ ရှိပါသေးလားဆိုတဲ့စိတ်နဲ့ ကျနော်တို့ကို တက်တက်ကြွကြွ ၀ိုင်းဝန်းဧည့်ခံကြပါတယ်။ ရယ်စရာအဖြစ် တင်စားပြီးပြောရရင် ကျနော်တို့ဟာ အိမ်ရှေ့မြောင်ရွာရဲ့ အထူးဧည့်သည်တော်တွေအဖြစ် တည်းခိုနေထိုင်ခွင့် ရခဲ့ကြတဲ့ သဘောပါပဲ။

( ဆက်လက်ဖတ်ရှုပါရန်…)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly