လွတ်လပ်ရေးရပြီး ၆၇ နှစ်ကျော်၌ ရှမ်းပြည်နယ်တွင် ပထမဆုံးဆေးတက္ကသိုလ်ဖွင့်လှစ်

လွတ်လပ်ရေးရပြီး ၆၇ နှစ်ကျော်၌ ရှမ်းပြည်နယ်တွင် ပထမဆုံးဆေးတက္ကသိုလ်ဖွင့်လှစ်
Photo Myawady

အောက်တိုဘာ ၅ ရက် ။         ။ မြန်မာနိုင်ငံတွင် မြို့နယ်အများဆုံးနှင့် နယ်မြေအကျယ်ဝန်းဆုံးဖြစ်သည့် ရှမ်းပြည်နယ်၌ လွတ်လပ်ရေးရပြီး ၆၇ နှစ် ကျော် ကြာပြီးနောက် ဆေးတက္ကသိုလ်တစ်ခု ပေါ်ထွန်း လာပြီဖြစ်သည်။

ရှမ်းပြည်နယ်သာမက ကယားပြည်နယ်အတွင်းမှ ဆေးတက္ကသိုလ်တက်ရန် အဆင့်မီသည့် ကျောင်းသားကျောင်းသူများ အနေဖြင့် ရန်ကုန်၊ မန္တလေး၊ မကွေး တို့ရှိ ဆေးတက္ကသိုလ်သို့ သွားရန်မလိုတော့ဘဲ ရှမ်းပြည်နယ် တောင်ကြီးမြို့၌သာ သင်ယူနိုင်တော့မည်ဖြစ်သည်။

အစိုးရမှ ဖွင့်လှစ်ထားသော ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် ဆေးတက္ကသိုလ် (၂)၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်ပြီးလျင် အောက်တိုဘာ ၃ ရက်တွင် သမ္မတဦးသိန်းစိန်က ဖွင့်လှစ်ပေးခဲ့သည့် ဆေးတက္ကသိုလ် (တောင်ကြီး) သည် ပဉ္စမမြောက်ဆေးတက္ကသိုလ် ဖြစ်လာသည်။

ဆေးတက္ကသိုလ် (တောင်ကြီး) ကို ငွေကျပ် ၁၄ ဘီလီယံ အသုံးပြု၍ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် သင်တန်းသားများ စတင်လက်ခံ သင်ကြားနိုင်ရန် စီမံခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများက ဖော်ပြသည်။

ဆေးတက္ကသိုလ် (တောင်ကြီး) မှ နှစ်စဉ် ကျောင်းသားဦးရေ ၂၀၀ ခန့် လက်ခံသင်ကြားရန်လျာထားသည်။

အကျယ်အဝန်းမြေဧရိယာ ၄၆ ဧက ပေါ်တွင် တည်ဆောက်ထားသည့် ဆေးတက္ကသိုလ် (တောင်ကြီး) သည် သုံးထပ် အဆောက်အဦးဖြစ်ပြီး သုံးထပ်ပင်မဆောင်၊ သင်ကြားရေးဆောင်၊ ဝန်ထမ်းအိမ်ရာ၊ ပါမောက္ခချုပ်အိမ်၊ ဒုပါမောက္ခချုပ်အိမ်၊ စားသောက်ဆိုင်၊ ကျောင်းသူအိပ်ဆောင်၊ ကျောင်းသားအိပ်ဆောင်၊ ဧည့်ရိပ်သာ၊ စာကြည့်တိုက်တို့ပါဝင်သည်။

ထို့ပြင် ဆေးတက္ကသိုလ်(တောင်ကြီး) မှ ကျောင်းသူ ကျောင်းသားများအား သင်ကြားပေးနိုင်ရေးအတွက် တောင်ကြီး စဝ်စံထွန်းဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံတို့အား သင်ကြားရေးဆေးရုံကြီး များအဖြစ် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly