အိုင်ဗရီကို့စ်တွင် ဆန်များ အကုန်လုံးဖျက်ဆီးခံရခြင်း ဟုတ်၊ မဟုတ် ဖော်ထုတ်သွားမည်ဟု စီးပွား/ကူးသန်းဒုဝန်ကြီး ဆို

အိုင်ဗရီကို့စ်တွင် ဆန်များ အကုန်လုံးဖျက်ဆီးခံရခြင်း ဟုတ်၊ မဟုတ် ဖော်ထုတ်သွားမည်ဟု စီးပွား/ကူးသန်းဒုဝန်ကြီး ဆို
ဓာတ်ပုံ - Sia Kambou/အေအက်ဖ်ပီ

နေပြည်တော်၊ ဧပြီလ ၂၀ ။         ။ အရည်အသွေးပြည့်မီခြင်းမရှိဟု ဆိုကာ အိုင်ဗရီကို့စ်တွင် ဖျက်ဆီးခြင်းခံရသည့် ဆန်များတွင် အကုန်လုံးကို ဖျက်ဆီးခဲ့ခြင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။

“တချို့ဆန်ကုန်သည်တွေက ပြောတာတော့ တစ်ချို့ အိတ်တွေမှာ ဖြစ်နိုင်တယ်ပေါ့။ ဥပမာ အောက်ဆုံးမှာထားတဲ့ အိတ်တွေက ဖြစ်နိုင်တယ် ။ ဒါပေမယ့် အလယ်မှာ အိတ်တွေက မဖြစ်နိုင်ဘူး။ တချို့ကလည်း သံသယ ဖြစ်တာကတော့ ဒီ ဆိုးတဲ့အိတ်တွေကို ပြပြီးတဲ့ အခါကြတော့ စားသုံးရန်မသင့်ဆိုပြီးတော့ ဖျက်ဆီးပစ်လိုက်တယ်။ ဒါပေမယ့် သူတို့ အကုန် ဖျက်ဆီးချင်မှ ဖျက်ဆီးမယ် ဆိုတဲ့ သံသယဖြစ်မှုတွေလည်း ရှိတာပေါ့လေ။ ဒါတွေကိုလည်း ကျွန်တော်တို့ အနေနဲ့ ဆက်လက်ပြီးတော့ စူးစမ်းပြီးတော့ ဖော်ထုတ်သွားမှာဖြစ်ပါတယ်”ဟု ဒုဝန်ကြီးက ပြောကြားသည်။

ဧပြီ ၁၉ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မီဒီယာများ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က မြန်မာနိုင်ငံမှ တင်ပို့ထားသည့် ဆန်တန်ချိန် ၁၈၀၀၀ ခန့်ကို အိုင်ဗရီကိုစ့်နိုင်ငံတွင် စားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ဆန်အရည်အသွေးပြည့်ဝအောင်၊ ပမာဏ အရေအတွက်ပြည့်မှီအောင် လုပ်ရမည်ဟု ၄င်းက ဆိုပြီး တစ်ဖက်နိုင်ငံမှလည်း သမာ၊သမတ် မကျသည့် လုပ်ရပ်မျိုးရှိကြောင်းကို ဖော်ပြချက်များရှိသည့်အတွက် ပြန်လည်ကြည့်ရှုသွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

“ဒါကတော့ နှစ်ဖက်ရှိတာပေါ့လေ။နှစ်ဖက်က တချို့ကလည်းပြောတာကတော့ ဟိုဘက်မှာလည်း ချို့ယွင်းချက်တွေ ရှိတယ်။ ဟိုဘက်က သမာသမတ် မလုပ်တဲ့ဟာတွေရှိနိုင်တယ်ဆိုပြီး ဖော်ပြချက်တွေရှိတယ်။ ဒါကတော့ ကျွန်တော်တို့ သေချာတော့ မသိသေးဘူး။ ဒါပေမယ့်လို့ ဟိုဘက် လက်ခံတဲ့အပိုင်းကိုလည်း ကျွန်တေ်ာတို့ ပြန်ပြီးတော့ ကြည့်ရမှာဖြစ်ပါတယ်။ ကိုယ်က ပို့လိုက်တယ်။ သူတို့အနေနဲ့ ဒါကို အပြောင်းအလဲတွေ ပြုလုပ်ပြီးတော့ လုပ်သွားတာလည်း ဖြစ်နိုင်တယ်”ဟု ၄င်းက ပြောကြားသည်။

အာဖရိကနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သည့် ဂီနီသို့ ဆန်တင်ပို့သည့်သင်္ဘောသည် အချိန်ရှစ်လခန့် ကြာမြင့်ပြီးမှ ရောက်ရှိသွားသည့်အချိန်တွင် ၄င်းနိုင်ငံမှ ချိန်တွယ်ရာတွင်  အလေးချိန်ပြည့်မှီခြင်းမရှိသည့်အတွက်ကြောင့် ဆက်မယူရန်ဆုံးဖြတ်ခဲ့ကြောင်းနှင့် အခြားနိုင်ငံတစ်ခုတွင်မူ အရည်အသွေးအားဖြင့် အဆင်ပြေပေမယ့် ထိုအလေးချိန်ပြည့်မှီခြင်းမရှိသည်ကိုပဲ ဆက်လက်ပြီး ကိစ္စတစ်ခုအနေဖြင့် လုပ်ဆောင်သွားခြင်းဖြစ်ကြောင် ၄င်းကရှင်းပြသည်။

အိုင်ဗရီကိုစ့်မှ ဆန်ကိစ္စကို အစိုးရအနေဖြင့် အမြန်ဆုံး သတင်းထုတ်ပြန်ပေးရန်လည်း မန္တလေးတိုင်းဆန်စပါးအသင်းမှ ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့က တိုက်တွန်းပြောဆိုထားသည်။

လာမည့် ဧပြီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စားသုံးရန် မသင့်ဟုဆိုကာ  မြန်မာ့ဆန်များဖျက်ဆီးခြင်းခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး အသင်းချုပ်မှ လေ့လာတွေ့ရှိချက် များနှင့် ဖြစ်စဉ်အကြောင်းတရားများကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် EU နိုင်ငံများ၊ အာဖရိက နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၁ နိုင်ငံအထိ စျေးကွက်သစ်များ ရရှိခဲ့သည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၃.၅၈ သန်းကျော်ကို တင်ပို့နိုင်ခဲ့ကာ ကမ႓ာ့ဆန် အများဆုံးတင်ပို့နိုင်သည့် ၅ နိုင်ငံစာရင်းတွင် ပါဝင်ထားကြောင်း နိုဝင်ဘာ ၂၈ ရက်က ကျင်းပြုလုပ်သည့် ပြည်သူ့လွှတ်တေ်ာအစည်းအဝေးတွင်း ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားထားသည်။

သို့ရာတွင် အိုင်ဗရီကို့စ်မှ ဆန်ကိစ္စ ဖြစ်ပေါ်လာသည့်အတွက် ဆန်စပါးကို အဓိကထွက်ကုန်အဖြစ် ပို့သည့် မြန်မာနိုင်ငံအနေဖြင့် စျေးကွက် ထိခိုက်မည်ကို ဆန်စပါးလုပ်ငန်းရှင်များက စိုးရိမ်နေကြပြီး

အစိုးရအချင်းချင်း ချိတ်ဆက်၍ ပြေလည်အောင် စီမံဆောင်ရွက်ပေးရန် ဆန်စပါးလုပ်ငန်းရှင်များက လိုလားလျှက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly