ထောင်ပေါင်းများစွာသော ပြည်သူများ ယူကေအစိုးရကို ဆန့်ကျင်ဆန္ဒပြ

ထောင်ပေါင်းများစွာသော ပြည်သူများ ယူကေအစိုးရကို ဆန့်ကျင်ဆန္ဒပြ

မန်ချက်စတာ၊ အောက်တိုဘာ ၅ ။         ။ အောက်တိုဘာ ၄က ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ကွန်ဆာဗေးတစ်ပါတီက နှစ်ပတ်လည်ကွန်ဖရင့် ကျင်းပစဉ်' ခြိုးခြံမှုကို အခုချက်ခြင်းအဆုံးသတ်' စစ်ကိုသာ ဖြတ်တောက်၊ သာယာဝပြောရေးကို မဖြတ်တောက်နဲ့' စသည့် ကြွေးကြော်သံစာသားများကို ရေးသားထားသည့် လက်ကိုင်ဘုတ်ပြားကို ကိုင်ဆောင်ထားသော ပြည်သူထောင်ပေါင်းများစွာသည် မန်ချက်စတာမြို့ကိုဖြတ်လျက် ချီတက်ခဲ့ကြသည်။

နိုင်ငံအနောက်မြောက်ပိုင်း မန်ချက်စတာမြို့တွင် ပြုလုပ်သော ဆန္ဒပြမှုတွင် လူ ၆၀,၀၀၀ခန့်ပါဝင်သည်ဟု ရဲတပ်ဖွဲ့နှင့် အလုပ်သမားသမဂ္ဂကွန်ဂရက်(TUC)က ပြောသည်။ လူလေးဦးဖမ်းဆီးခံရသည်။

လုပ်သားပြည်သူများနှင့် သမဂ္ဂများ၏ အခွင့်အရေးကို တိုက်ခိုက်သော အစိုးရ၏ ခြိုးခြံရေး အစီအစဉ်ကြောင့် ခြိုးခြံမှုကို ကန့်ကွက်ကြ၊ အလုပ်သမားများ၏ အခွင့်အရေးကို ထောက်ခံကြ ဆိုသည့် ကြွေးကြော်သံများနှင့် ဆန့်ကျင်ဆန္ဒပြရန် TUC ကတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကွန်ဆာဗေးတစ်အစိုးရသည် စာရင်းများချိန်ညိ၍ အမြတ်ထွက်ကာ အကြွေးများစတင်ပေးချေနိုင်ရန်အတွက်  အသုံးစရိတ်များကို လျှော့ချလျက်ရှိသည်။ ထို့အပြင် ယင်းအစိုးရသည် အလုပ်သမားများ သပိတ်မှောက်သင့်မမှောက်သင့်ဆုံးဖြတ်ရေး မဲပေးရာတွင် မဲပေးသူအလုပ်သမားအရေအတွက် အနည်းဆုံး ၅၀ ရာခိုင်နှုန်းသတ်မှတ်ခြင်းဖြင့် အလုပ်သမားများသပိတ်မှောက်မှုကို ထိန်းချုပ်သည့် ဥပဒေပေါ်ရေး တွန်းအားပေးလျက်ရှိသည်။  ကွန်ဆာဗေးတစ်တို့သည် မေလက အထွေအထွေရွေးကောက်ပွဲတွင် အမတ်နေရာအများစုအတွက် အနိုင်ရရှိထားသည်။

ဆန့်ကျင်ကန့်ကွက်သူတစ်စုသည် ကွန်ဆာဗေးတစ်ကွန်ဖရင့်သို့ တက်ရောက်သူများကို ကြားဝင်နှောက်ယှက်ပြောကြားခဲ့ကြပြီး ပါတီဝင်များနှင့် ဝန်ထမ်းများကို အသုံးမကျသူများဟု ခေါ်ဆိုခဲ့ကြသည်။

၎င်းတို့ တံတွေးဖြင့် အထွေးခံရပြီး ကိုယ်စားလှယ်တစ်ဦးမှာ ကြက်ဥဖြင့် အပေါက်ခံရသည်ဟု ဂျာနယ်လစ်အချို့က ပြောသည်။ သို့သော်လည်း လူအများစုမျာ ဆန္ဒပြရာတွင် ဒီမိုကရေစီအခွင့်အရေးနှင့်အညီ သိက္ခာရှိရှိပြုမူခဲ့သည်ဟု မန်ချက်စတာရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

၂၀၂၀တွင် သာယာဝပြောရေးအသုံးစရိတ်မှ ပေါင် ၁၂ သန်းလျှော့ချရန် အစိုးရက စီစဉ်နေသည်။ လျှော့ချမည့်အရာများတွင် မသန်စွမ်းသူများနှင့် အလုပ်လက်မဲများကို ပေးမည့်ထောက်ပံ့ကြေးများ၊ အိမ်ရာ ဆိုင်ရာထောက်ပံ့မှုများပါဝင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly