နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာပါ ပြသသွားမည့် "မဟူရာရုပ်ရှင်ရုံ" ဇာတ်ကား

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာပါ ပြသသွားမည့် "မဟူရာရုပ်ရှင်ရုံ" ဇာတ်ကား

ဧပြီ ၂ဝ၊ ရန်ကုန် ။     ။  "မဟူရာရုပ်ရှင်ရုံ" ဇာတ်ကားကို နိုင်ငံတကာရုပ်ရှင်ပွဲတော် နှစ်ခုတွင်ပြသရန်ရွေးချယ်ခံထားရပြီး ဆုတံဆိပ်များ ချီးမြှင့်ရန်အတွက်လည်း ဆန်ကာတင်ရွေးချယ်ခံထားရကြောင်း သိရသည်။

သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ Riya Ray၊ နန်းဆုဦး၊ ထွန်းမင်းနှင့် ခေးလရောင်တို့ ပါဝင် သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ရိုက်ကူးပုံဖော်ထားသည့် "မဟူရာရုပ်ရှင်ရုံ" ဇာတ်ကားကို  အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့အခြေစိုက် နိုင်ငံတကာရုပ်ရှင်ပွဲတော်နှစ်ခုတွင် ပြသသွားမည် ဖြစ်သည်။

"ဒီကားက လူငယ်ဒါရိုက်တာတစ်ယောက်ကို မြေတောင်မြှောက်တဲ့ အနေနဲ့ရော ကြိုးစားနေတဲ့ လူငယ်တွေ အတွက်ကို လက်လှမ်းမီသလောက်ပေါ့နော်။ ကြိုးစားခွင့်တွေ၊ ပရိသတ်တွေနဲ့ ယုံကြည်မှုတွေ ရလာအောင် ကျွန်တော်တို့ ကြိုးစားနေတဲ့ လူငယ်တွေအကုန်လုံးကို လက်ဆွဲခေါ်သွားတဲ့ ဇာတ်ကားလေးတစ်ကားလည်း ဖြစ်ပါတယ်။ အဲ့အတွက်လည်း ကျွန်တော်တို့ အများကြီး ကြိုးစားခဲ့ရတယ်။ ကျွန်တော်တို့ကြိုးစားခဲ့တဲ့ ရလဒ်တွေကိုတော့ အခုတွေ့ရပါတယ်" ဟု သရုပ်ဆောင် နေတိုးက ပြောသည်။

"မဟူရာရုပ်ရှင်ရုံ"ဇာတ်ကားအတွက် Red Carpet Show ကို ရန်ကုန်မြို့၊ ဂျန်းရှင်းစီးတီးတွင် ဧပြီလ ၁၉ ရက်နေ့ညက ပြုလုပ်ခဲ့ပါသည်။

၂ဝ၁၉ ခုနှစ် စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် Cult Critic Movie Award  ပွဲတော်တွင် မဟူရာရုပ်ရှင်ရုံ ကားက ဆုလေးဆု ရွေးချယ်ခံထားရပြီး အကောင်းဆုံး Horror Movie ဆုကို 7th Sense Film Production၊ အကောင်းဆုံးသရုပ်ဆောင်ဆုကို နေတိုး၊ အကောင်းဆုံး အသံဖန်တီးမှုဆုကို Creative Mahar Studio၊ Best Debut Fill ဆု အတွက် ဒါရိုက်တာပြည့်ဇော်ဖြိုး စသဖြင့် အသီးသီးရွေးချယ်ခံခဲ့ရသည်။ ထို့အပြင် ၂ဝ၂ဝ တွင် ကျင်းပမည့် Calcutta International Cult Film Festival တွင်လည်း Best Horror Movie အဖြစ် ရွေးချယ်ခံထားရကြောင်း သိရသည်။

Horror ဇာတ်ကားအမျိုးအစားဖြစ်သည့်  "မဟူရာရုပ်ရှင်ရုံ"ဇာတ်ကားကို ဧပြီလ ၂၅ ရက်နေ့မှစတင်ပြီး ရုံတင်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly