မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ်အဖြစ် မွန်တီနီဂရိုး နိုင်ငံသားကို ခန့်အပ်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ်အဖြစ် မွန်တီနီဂရိုး နိုင်ငံသားကို ခန့်အပ်

ရန်ကုန် ၊ ဧပြီ ၂၀ ။     ။ လစ်လပ်နေသည့် မြန်မာလက်ရွေးစင် ဘောလုံးအသင်းနည်းပြချုပ်နေရာအား မွန်တီနီဂရိုး နိုင်ငံသားနည်းပြ မီရိုဒရပ် ရာဂျူလိုဗစ် ကို ခန့်အပ်သွားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဧပြီလ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရာဂျူလိုဗစ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အင်တာဗျူးများ မေးမြန်းပြီးနောက် လက်ရွေးစင်အသင်း၏ နည်းပြချုပ်နေရာအတွက် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာအသင်း နည်းပြချုပ်အဖြစ် ခန့်အပ်ခံရသူ ရာဂျူလိုဗစ်သည် လက်ဘနွန်လက်ရွေးစင်အသင်းအား ၂၀၁၅ ခုနှစ်မှ ၂၀၁၉  မတ်လကုန် အထိ ကိုင်တွယ်ခဲ့သူဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းအား ကိုင်တွယ်ရန် ဆက်သွယ်လာခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မွန်တီနီဂရိုးနိုင်ငံသား ရာဂျူလိုဗစ် နှင့် ၄င်း၏ လက်ထောက်နည်းပြ တစ်ဦးကို ခန့်အပ်သွားမည်ဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၂၀ ဒီဇင်ဘာလအထိ ချုပ်ဆိုသွားမည်လည်း ဖြစ်သည်။

ရာဂျူလိုဗစ်သည် နည်းပြဘဝကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး ဆာဘီးယားနှင့် မွန်တီနီဂရိုး ယူ -၂၁ လက်‌ရွေးစင် ၊ မွန်တီနီဂရိုး ယူ-၁၉ လက်ရွေးစင်နှင့် ကလပ်အသင်းများ၊ ပေါ်တူဂီကလပ် ဘိုအာဗစ်စတာ၊ ရှရှား ကလပ် ဒိုင်နမို မော်စကို အစရှိသည့် ထင်ရှားသည့် ကလပ်များ၊ ကာဇက်စတန်၊ ကူဝိတ်၊ မွန်တီနီဂရိုး တို့မှကလပ်များအား ကိုင်တွယ်ခဲ့ပြီး ၂၀၁၅ တွင် လက်ဘနွန်အသင်းအား စတင်ကိုင်တွယ်ခဲ့ကာ ၂၀၁၉ ဧပြီတွင် မြန်မာ့လက်ရွေးစင်အသင်းကို တာဝန်ယူရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ဆားဘီးယားနှင့် မွန်တီနီဂရိုး ယူ၂၃ အသင်းအား ၂၀၀၄ အေသင်အိုလံပစ် ခြေစစ်ပွဲအောင်မြင်စေခဲ့သလို ၊ဆာဘီးယားနှင့် မွန်တီနီဂရိုး ယူ၂၁ အသင်းအား ယူရို ယူ-၂၁ ခြေစစ်ပွဲအောင်မြင်စေခဲ့ရာတွင်လည်း လက်ထောက်နည်းပြအဖြစ် ပါဝင်စွမ်းဆောင်ခဲ့သည်။

လက်ဘနွန် အသင်းအား ၄င်း စတင်ကိုင်တွယ်စဉ်က  ကမ္ဘာ့အဆင့် ၁၄၇ နေရာရှိနေသော်လည်း ၂၀၁၈ ခုနှစ်တွင် ကမ္ဘာအဆင့် ၇၇ အထိရောက်ရှိအောင် မြှင့်တင်‌နိုင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly