ခေတ်သစ်ပိုးလမ်းမစီမံကိန်း ခါးပတ်နှင့် လမ်းပိုင်း ထိပ်သီးအစည်းအဝေးသို့ မြောက်ကိုရီးယားအား တရုတ် ဖိတ်ကြား

ခေတ်သစ်ပိုးလမ်းမစီမံကိန်း ခါးပတ်နှင့် လမ်းပိုင်း ထိပ်သီးအစည်းအဝေးသို့ မြောက်ကိုရီးယားအား တရုတ် ဖိတ်ကြား

ပေကျင်း၊ ဧပြီ ၁၉ ။             ။ လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် ခေတ်သစ်ပိုးလမ်းမစီမံကိန်းဖြစ်တဲ့ ခါးပတ်နှင့် လမ်းပိုင်းစီမံကိန်းကြီးဆိုင်ရာ ထိပ်သီးညီလာခံဆီ နိုင်ငံပေါင်း ၃၇ နိုင်ငံက ခေါင်းဆောင်တွေနဲ့အတူ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားထားကြောင်း တရုတ်နိုင်ငံက ဧပြီ ၁၈ ရက်မှာ ပြောပါတယ်။

အကြီးစား ကုန်သွယ်ရေးအခြေခံအဆောက်အအုံစီမံကိန်းကြီးဖြစ်တဲ့ ဒီစီမံကိန်းကြီးအပေါ် ဝေဖန်မှုတွေကို တရုတ်နိုင်ငံက ပြန်လည်တုံ့ပြန်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် အတော်လေးကို အလေးထားတဲ့ ဒီစီမံကိန်းကြီးဟာ အာရှ၊ အာဖရိကနဲ့ ဥရောပတို့မှာ ရေကြောင်းလမ်းတွေ၊ ရထားလမ်းတွေနဲ့ လမ်းပိုင်းစီမံကိန်းတွေ အပါအဝင်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ တစ်ထရီယံ တန်ဖိုးရှိတဲ့ စီမံကိန်းကြီးပါ။

ဒီ ခါးပတ်နှင့် လမ်းပိုင်း စီမံကိန်းနဲ့ ပတ်သက်ပြီး ဥရောပမှာလည်း သဘောထားကွဲလွဲကာ အမေရိကန်က အနှစ်သာရမဲ့ စီမံကိန်းပဲလို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် တရုတ်ကုမ္ပဏီတွေနဲ့ ထင်သာမြင်သာ မရှိတဲ့ သဘောတူစာချုပ်တွေနဲ့ တရုတ်အကြွေးနွံကို သတိပေးနေတဲ့ကြားမှာပဲ ဒီစီမံကိန်းကြီးမှာ ပါဝင်ဖို့ လက်မှတ်ထိုးကြတဲ့ နိုင်ငံအရေအတွက်ဟာ တိုးများလာနေခဲ့ပါတယ်။

အီတလီနိုင်ငံဟာဆိုရင် ဒီလထဲမှာပဲ ဒီစီမံကိန်းကြီးမှာ ပါဝင်လိုက်တဲ့ ပထမဆုံး ဂျီ-၇ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဧပြီ ၂၅ ရက်ကနေ ၂၇ ရက်အထိ ပေကျင်းမှာ ကျင်းပမယ့် ဒီအစည်းအဝေးမှာ နိုင်ငံပေါင်း ၃၇ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ကတော့ ဒီထိပ်သီးအစည်းအဝေးဆီ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly