တပ်ဘက်မှ တရားစွဲထားသော ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အာမခံ မပေးဘဲ အင်းစိန်ထောင်ပို့

တပ်ဘက်မှ တရားစွဲထားသော ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အာမခံ မပေးဘဲ အင်းစိန်ထောင်ပို့
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ ဧပြီလ ၁၉ ။               ။ တပ်မတော် ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ ပုဒ်မ- ၅ဝ၅(က)(ခ)ဖြင့် တရားစွဲဆိုခံထားရသော ဗိုလ်ကြီး ဟောင်း ဦးနေမျိုးဇင်ကို မြို့နယ်တရားရုံးမှ အချုပ်လွတ် အာမခံ မပေးဘဲ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ၎င်းဘက်မှလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေက မဇ္စျိမသို့ အတည်ပြု ပြောသည်။

ဦးနေမျိုးဇင်အား တရားစွဲဆိုထားသည့် အမှုကို ဧပြီ ၁၉ ရက်နေ့၊ ရန်ကုန်မြို့၊ တိုက်ကြီးမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးတိုးလင်းက နေပြီးတော့ ဦးတိုက်လျှောက်တရားစွဲဆိုတဲ့အမှုမှာ ဒီကနေ့ တရားလိုကို အဓိက စစ်မေးခြင်းပြီးတဲ့အခါ အပြန်အလှန်မေးခွန်းမေးပါတယ်။ မေးပြီးတဲ့အခါမှာ အာမခံကိစ္စ လျှောက်တော့ အာမခံကို ပယ်ကြောင်း အမိန့်ချတယ် ”ဟု တရားစွဲခံရသူ ဦးနေမျိုးဇင်ဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ထိုသို့ အချုပ်လွတ်အာမခံပေးရန် လျှောက်ထားမှုကို မြို့နယ်တရားရုံးမှ ပယ်လိုက်သည့် အဓိကအကြောင်းရင်း မှာ ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားအရ အာမခံ မပေးရသည့် အမှုအမျိုးအစား ဖြစ်သည့်အတွက် ပယ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြုလုပ်သည့် ဟောပြောပွဲတွင် ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်၏ ပြောဆိုချက်သည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်မှုဖြစ်စေသည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ  ဒုတိယဗိုလ်မှူးကြီး တိုးလင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်ပြောချင်တာကတော့ တရားဝင်ခွင့်ပြုချက်နဲ့ ပြုလုပ်တဲ့ ဟောပြောပွဲမှာ ပြောဆိုချက်အပေါ် တပ်မတော်က တရားလိုလုပ် စွဲဆိုခြင်းဟာ ဥပဒေနဲ့ ညီညွှတ်တယ်လို့ မဆိုနိုင်ဘူးလို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ခွင့်ပြုတာက သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ပဲ။ အဲ့ဒီတော့ သူတို့က ဘာမှမပြောဘူးဗျ။ အဲ့ဒီတော့ ဒါက ဥပဒေရေးရာအငြင်းပွားမှုတွေ ဖြစ်လာပြီဗျ။ အဲ့ဒီလိုပဲ ကျွန်တော် ပြောချင်တယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆက်ပြောသည်။

 

ဖမ်းဆီးခံရသူ ဦးနေမျိုးဇင်က တရားခွင်မှ အထွက်တွင် ကားပေါ်မှ  “ အာဏာ၊ ဂုဏ်သိက္ခာရှိတဲ့ စစ်သားတွေဖြစ်ဖို့လိုတယ်။ ကိုယ့်ကိုယ်ကို အာဏာမရှိဘူး။ ဂုဏ်သိက္ခာ မရှိဘူးဆိုရင် မိမိထမ်းဆောင်နေတဲ့ တာဝန်၊ မိမိဆိုနေတဲ့ သစ္စာ ပြန်စူးတတ်ပါတယ်။ ဒါကြောင့်မို့လို့ ဂုဏ်သိက္ခာကို စောင့်ထိန်းတဲ့ သူအတွက်က လက်ထိပ်သည်လည်းပဲ ကျေနပ်ကြည်နူးစရာဖြစ်ပါတယ်။ ပြည်သူ့အတွက် ထမ်းဆောင်ရင်း ရတဲ့ လက်ထိပ် ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ မိသားစုအတွက်၊ ဆွေမျိုးအတွက်၊ ကုမ္ပဏီထောင်ပြီးတော့ ကိုယ်ပိုင် ငွေကြေး အလွဲသုံးစားလုပ်လို့ အဖမ်းခံရတာမဟုတ်ပါဘူး ”ဟု ပြောဆိုခဲ့သည်။

“ ဆက်လက်ကြိုးစားပါ။ မကြာခင် တစ်လ၊ နှစ်လလောက်အတောအတွင်းလောက်မှာ  အခြေခံ ဥပဒေပြင်ဆင် ရေးနည်းလမ်းအပြင် မြန်မာတစ်ပြည်လုံး မျှော်လင့်ခဲ့တဲ့ အိမ်မက်တွေ၊ အထူးသဖြင့် ပြည်သူ့ဝန်ထမ်း ယန္တရား တစ်ခုလုံးကူးပြောင်းနိုင်တဲ့ အခြေအနေအထိ ရောက်သွားအောင်။ တရားခွင်ကတဆင့်၊ လူထု လှုပ်ရှားမှုက တဆင့် ပူးပေါင်းပြီး ဆောင်ရွက်သွားကြမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်မျှော်မှန်းတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ရည်မှန်းချက်တွေအောင်မြင်ပြီးတော့ ကျွန်တော်တို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရရှိအောင် အောင်မြင်သွားပါလိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်”ဟု ဦးမျိုးဇင်က ဆက်ပြောခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဆက်လက်စစ်ဆေးရန်အတွက် တိုက်ကြီးမြို့နယ်တရားသူကြီးက လာမည့် ဧပြီ ၃ဝ ရက်နေ့ကို ဒုတိယရုံးချိန်းအဖြစ် ပြန်လည်ချိန်းဆိုထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly