မြို့ကျေးရွာများအတွင်းမှ တိုက်ခိုက်နေဟု တပ်မှ ထုတ်ပြန်၊ AA ဘက်မှ မဟုတ်ဟု ပြောဆို

မြို့ကျေးရွာများအတွင်းမှ တိုက်ခိုက်နေဟု တပ်မှ ထုတ်ပြန်၊ AA ဘက်မှ မဟုတ်ဟု ပြောဆို
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဧပြီ ၁၉ ။               ။ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းမှနေပြီး အနီးရှိ တပ်ဌာနချုပ်များကို ရက္ခိုင့်တပ်(AA)ဘက်မှ ချည်းကပ် တိုက်ခိုက် နေသည်ဟု တပ်မတော်ဘက်မှ ပြောဆိုထားပြီး AA ဘက် ထိုသို့ ပြုလုပ်ခြင်းမရှိကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက် ညပိုင်းက မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲကို ရည်ညွှန်းပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နယ်မြေခံတပ်ဌာနချုပ်များသို့ ရက္ခိုင့်တပ်(AA)က ဖြန့်ခွဲနေရာယူလျက် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ဧပြီ ၈ ရက်က ယင်းကျေးရွာ ကျောင်းထိုင်ဆရာတော်၊ ဒေသခံများနှင့် တွေ့ဆုံပြီး AA အား လက်ခံခြင်းမပြုရန်၊ အကြမ်းဖက်ခြင်း အားမပေးရန်၊ ပူးပေါင်းဆောင်ရွက်ရန် ကျေးရွာဘက် သို့ သွားရောက်ပြောဆိုထားကြောင်း တပ်မတော်ဘက်မှ ဧပြီ ၁၈ ရက် က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ AA ဘက်မှ ၎င်းတို့အနေဖြင့် ထိုသို့ လုံးဝတိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့သည်ဟုဆိုသော တပ်မတော်ဘက်မှ ထုတ်ပြန်ချက် မှာလည်း မှန်ကန်မှုမရှိကြောင်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့က အဲ့ဒီလိုမျိုး ပြည်သူကို အကာအကွယ်ယူပြီးတော့ တိုက်တာလုံးဝမရှိဘူး။ ခင်ဗျားတို့ပဲ စဉ်းစား ကြည့်လေ။ အဲ့ဒီလို ပြည်သူကို အကာအကွယ်ယူပြီးတော့တိုက်ခဲ့ရင် ကျွန်တော်တို့ ပြည်သူပဲ သေမှာပေါ့။ ကျွန်တော်တို့ ရခိုင်ပြည်သူကို ကျွန်တော်တို့ ရက္ခိုင့်တပ်မတော်က ဘယ်လိုလုပ်ပြီး အကာအကွယ်ယူပြီးတော့ သွားတိုက်မလဲ” ဟု AA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မဇ္ဈိမသို့ ပြောသည်။

တိုက်ပွဲနှင့်ပတ်သက်ပြီး AA မှ ဧပြီလ ၁၇ ရက် ညပိုင်းက မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာအနီးရှိ နယ်မြေခံတပ်ဌာနချုပ်၏ တောင်ဘက်သို့ ဘောင်းဒုတ်ကျေးရွာစာသင်ကျောင်းအနီးမှ လည်းကောင်း၊ ညပိုင်း ၁၁ နာရီခန့်တွင် တပ်ဌာနချုပ်၏ အရှေ့တောင် ဘက်နေရာသို့လည်းကောင်း ဖြန့်ခွဲနေရာယူလျက် လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်ဘက်မှ ထုတ်ပြန်ထားသည်။

ယင်းညတွင် ဘောင်းဒုတ်ကျေးရွာနယ်မြေခံတပ် ဌာနချုပ်ရှိ လုံခြုံရေးဂိတ်ကင်း ၂ သို့ AA မှ ဘောင်းဒုတ် ကျေးရွာအစပ်နှင့် ကျေးရွာအတွင်းမှ ပစ်ခတ်ခဲ့သည့်အတွက် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း ပါရှိသည်။

 “ အဲ့ဒီ ဥစ္စာက လုံးဝမဟုတ်ဘူးဗျ။ အဲ့ဒီလိုမျိုး ကျွန်တော်တို့ဘက်က သွားရောက်ပြီးတော့ တိုက်ခိုက်တာ မရှိဘူး” ဟု  ဦးခိုင်သုခက ဆိုသည်။

“ အဲ့ဒီမှာ ၃၇၇ ရှိတယ်။ ၃၇၈ ရှိတယ်။ နောက် ၅၄ဝ ရှိတယ်ပေါ့။ အဲ့ဒီတပ်ရင်းဌာနချုပ်တွေကနေပြီးတော့မှ လက်နက်ကြီးတွေနဲ့ သူတို့ အနီးအနားက ရွာတွေကို လှမ်းပြီးတော့ပစ်တယ်။ ရွာသားတွေ ကြောက်ပြီးတော့ ထွက်ပြေးကြတယ်။ အဲ့လို လှမ်းပြီးတော့ ပစ်နေတယ်။ သူတို့ကတော့ အဲ့ဒီမှာ လုပ်ကြံပြီးတော့ ဝါဒဖြန့်တာ ကတော့ AA ကလာပြီးတော့ သူတို့ကို တိုက်ခိုက်တဲ့အတွက် သူတို့က ပြန်ပစ်တယ်ပြောတယ်။ ဒီဖြစ်စဉ်တွေကို အားလုံးကို ကြည့်မယ်ဆိုရင် တစ်ခုသုံးသပ်လို့ရတာကတော့ စစ်တပ်ဟာ သူတို့ရဲ့ တပ်ရင်းဌာနချုပ်နဲ့နီးတဲ့ ရွာတွေကို ဖြိုဖျက်ပစ်ချင်တဲ့ သဘောထားတွေ တွေ့နေရတယ်”ဟု ဦးခိုင်သုခက တပ်မတော် သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ပြောဆိုသည်။

အဆိုပါညတွင်ပဲ မြောက်ဦးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်သို့ ရန်ကုန်-စစ်တွေပြည်ထောင်စု ကားလမ်းမကြီးပေါ်မှ AA မှလာ ပစ်၍ ပြန်လည်ပစ်ခတ်ခဲ့ရသည်ဟု တပ်ဘက်မှ ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly