မင်းလှမြို့နယ်ရှိ ရေနံလှောင်ကန်အတွင်း လူတစ်ဦး သေဆုံးလျှက် တွေ့ရှိ

မင်းလှမြို့နယ်ရှိ ရေနံလှောင်ကန်အတွင်း လူတစ်ဦး သေဆုံးလျှက် တွေ့ရှိ

မကွေး ၊ ဧပြီ ၁၈ ။     ။ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ထန်းကိုင်းကျေးရွာ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ရေနံလှောင်ကန်အတွင်း၌ ဧပြီလ ၁ရရက် နေ့လယ် ၁၂ နာရီအချိန်က ရေနံကောက်သင်းကောက်သူတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း မင်းလှမြို့မရဲစခန်းက သိရသည်။

ရေနံလှောင်ကန်မှာ (၁၅)ပေပတ်လည်အကျယ်၊ အနက်(၁၀)ပေခန့်ရှိသောမြေပြင်တွင်မိုးကာဖြင့် ကန်ပြုလုပ်ထားပြီး ရေနံဂါလံ(၁၀၀)ခန့်သိုလှောင်ထားကြောင်း သိရသည်။

မင်းဘူးမြို့၊သူဌေးကုန်းရပ်ကွက် နေထိုင်သူအောင်သူမိုး(၃၀)နှစ်သည် ရေနံလှောင်ကန်အတွင်း အရှေ့ဘက်သို့ ဦးခေါင်းပြု၍ မျက်နှာပေါ်လျက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို ရေနံလှောင်ကန်အတွင်းမှ ရေနံခပ်ရန်လာရောက်သူ တစ်ဦးမှ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူ အောင်သူမိုးသည် ဧပြီလ ၁၆ရက် နေ့လယ် ၂နာရီအချိန်က ဇနီးဖြစ်သူနှင့်စကားများရန်ဖြစ်၍နေအိမ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ရေနံလှောင်ကန်အတွင်း သေဆုံးနေချိန်တွင် ၎င်းအနီး၌ (၅)ဂါလံဆံ့ အဝါရောင် ကော်ပုံးနှစ်ပုံးအား ရေနံထည့်ထားသည်ကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

“သေဆုံးသူမှာ အရက်သေစာသောက်စားထားပြီးရေနံလှောင်ကန်အတွင်းသို့ ဆင်း၍ရေနံခိုးခပ်ရာမှတဆင့် ကန်ပေါ်ပြန်မတက်နိုင်ဘဲ ဆီမွန်း၍သေဆုံးခြင်းဖြစ်နိုင်ကြောင်း"မင်းလှမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းလှမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၉)ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly