စားသုံးရန် မသင့်တာကြောင့် မြန်မာဆန် တန်ချိန် ၁၈၀၀၀ ကို အိုင်ဗရီကို့စ်နိုင်ငံက ဖျက်ဆီး

By Africanews
18 April 2019
စားသုံးရန် မသင့်တာကြောင့် မြန်မာဆန် တန်ချိန် ၁၈၀၀၀ ကို အိုင်ဗရီကို့စ်နိုင်ငံက ဖျက်ဆီး
Photo: AFP

စားသုံးရန် မသင့်တဲ့ မြန်မာဆန် တန်ချိန်များစွာကို အိုင်ဗရီကို့စ် ကျန်းမာရေးတာဝန်ရှိသူတွေက ဖျက်ဆီးပစ်ခဲ့ကြောင်း BBC Africa Live က သတင်းဖော်ပြပါတယ်။

ဒီဆန်တွေဟာ မြန်မာနိုင်ငံက ဆန်တွေ ဖြစ်တယ်လို့ ဖော်ပြထားပြီး တာဝန်ရှိသူတွေဟာ အဲဒီ ဆန်တွေကို ထရပ်ကားတစ်စီးနဲ့ တင်ပြီး ဖို့မြေတစ်ခုမှာ သွားရောက် စွန့်ပစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ သတင်းအရ ဒီဆန်တွေဟာ အရည်အသွေးပြဿနာကြောင့် အနောက်အာဖရိက ကမ်းရိုးတန်းတစ်လျှောက် နိုင်ငံတွေက အဝင်မခံခဲ့တာ ဖြစ်ပါတယ်။ ဂါနာ၊ ဂီနီနဲ့ တိုဂိုနိုင်ငံတွေဟာ ဒီဆန်တွေကို နိုင်ငံထဲ တင်သွင်းမခံဘဲ ငြင်းဆန်ခဲ့ကြတာပါ။

နောက်ဆုံးမှာ အိုင်ဗရီကို့စ်နိုင်ငံက ခွင့်ပြုတာကြောင့် အက်ဘိုင်ဂျန်မြို့မှာ ကုန်တင်ချခဲ့တာ ဖြစ်ပြီး အရည်အသွေးစမ်းသပ်ရာမှာတော့ စားသုံးဖို့ မသင့်တဲ့ ဆန်တွေဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဆန်ဟာ အာဖရိက နေရာဒေသတော်တော်များများမှာ အဓိက စားသောက်ကုန်ဖြစ်ပေမယ့် ဌာနေ လယ်သမားတွေက လိုအပ်ချက်အတွက် ပြည့်မီအောင် မစိုက်ပျိုးနိုင်တာကြောင့် ပြည်ပက တင်သွင်းမှုကို အားထားနေရတာ ဖြစ်ပါတယ်။

အနောက်အာဖရိက ကမ်းရိုးတန်းတစ်လျှောက်က နိုင်ငံတွေဟာ ကုန်စည်တင်သွင်းမှုရဲ့ အဓိကအချက်အခြာဒေသတွေပဲ ဖြစ်ပါတယ်။ အများစုသော နိုင်ငံတွေဟာ ကုန်းတွင်းပိတ် အိမ်နီးချင်းနိုင်ငံတွေအတွက် ကုန်စည်စီးဝင်မှု လမ်းကြောင်းအဖြစ် အရေးကြီးတဲ့ နိုင်ငံတွေပဲ ဖြစ်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly