အိုင်ဗရီကို့စ်နိုင်ငံတွင် ဖျက်ဆီးခံရသော မြန်မာ့ဆန်တန်ချိန် ၁၈၀၀၀ အတွက် ဆန်စပါး ဥက္ကဋ္ဌ ရှင်းလင်း

အိုင်ဗရီကို့စ်နိုင်ငံတွင် ဖျက်ဆီးခံရသော မြန်မာ့ဆန်တန်ချိန် ၁၈၀၀၀ အတွက် ဆန်စပါး ဥက္ကဋ္ဌ ရှင်းလင်း
ဓာတ်ပုံ - ဦးရဲမင်းအောင် Facebook

ဧပြီ၊ ရန်ကုန် ။      ။ အာဖရိကနိုင်ငံဖြစ်သော အိုင်ဗရီကို့စ်က မြန်မာနိုင်ငံမှ တင်ပို့သော ဆန်တန်ချိန် ၁၈ဝဝဝ ကို စားသုံးရန် မသင့်ဟုဆိုကာ ဖျက်စီးခဲ့ခြင်းမှာ ဆန်များကို ကြာမြင့်စွာသိုလှောင်မှုကြောင့် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က  ၄င်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။

"မြန်မာနိုင်ငံမှ ဆန်တင်ပို႕ရောင်းချသူများသည် FOB Yangon စနစ်ဖြင့် ရန်ကုန်ဆိပ်ကမ်းပေါ် သင်္ဘောပေါ် အရောက် အရောင်းအဝယ်ပြုလုပ်ကြပါသည်။ဆန်ဝယ်ယူသည့် Buyer များသည် အချိန်မှန်စွာဖြင့် သင်္ဘောမှ ကုန်မချနိုင်ပါက ကြာမြင့်စွာသိုလှောင်မှု (long Storage) သည် ဖြစ်ပေါ်ပြီး အရည်အသွေး ထိခိုက်နိုင်မည် ဖြစ်ပါသည်။ ယခုကိစ္စတွင်လည်း ယေဘုယျအားဖြင့်အာဖရိကနိုင်ငံ (၄) နိုင်ငံ အထိ ကုန်မချနိုင်ဘဲ လှည့်ပတ် နေရသည့် အတွက် ကြာမြင့်စွာသိုလှောင်မှု long Storage ပြသနာပင် ဖြစ်နိုင်ပါသည်။ ဆန်ဝယ်သည့် Buyer အနေဖြင့် အဆိုပါကိစ္စတွင် အဓိက တာဝန်ရှိသည်ဟု ယေဘုယျအားဖြင့် ယူဆနိုင်ပါသည်" ဟု ဧပြီလ ၁၈ ရက်နေ့မနက်တွင် ရေးသားထားသည်။

ယခုကဲ့သို့ မြန်မာ့ဆန်များကို ဖျက်စီးခဲ့ခြင်းကြောင့် တိုင်းပြည်အတွက် နစ်နာမှုရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

"ကျွန်တော်တို့က ဒီဟာကတော့ မရှိသင့်ဘူး တိုင်းပြည်လည်း နစ်နာတယ်။ ကျွန်တော်တို့ ပြည်ပကို ရေကြောင်း က တင်ပို့တဲ့ ရဝ ရာခိုင်နှုန်းက အာဖရိကစျေးကွက်ကို သွားနေတာပေါ့နော်။ ဒါကတော့ ကျွန်တော်တို့ တင်ပို့တဲ့ ကုမ္ပဏီတွေ၊ အရည်အသွေးစစ်ဆေးတဲ့ ကုမ္ပဏီတွေကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ပူး ပေါင်းပြီးမှ သတိပေးမှုတွေ ဆောင်ရွက်ရမယ်လို့ ထင်တယ်ပေါ့နော်။ အသေးစိတ်ကတော့ ကျွန်တော်တို့ မသိရသေးဘူးပေါ့နော်" ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ရေကြောင်းတင်ပို့မှုနှင့် နယ်စပ်မှ တင်ပို့များကို အဓိက ပြုလုပ်နေပြီး အာဖရိကနိုင်ငံများကို ရေကြောင်းမှ တင်ပို့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ယခုကဲ့သို့ မဖြစ်ပေါ်ရေး အတွက် စစ်ဆေးမှုများ၊ နည်းလမ်းများရှာဖွေလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ရေးသားထားသည်။

" ပြည်ပတင်ပို႔ သူ(Exporter) များနှင့် သင်္ဘောမတင်မီနှင့် တင်စဉ်တွင်စစ်ဆေးရသည့် Third Party Inspection Agency များ အနေဖြင့်လည်း ထိရောက်စွာနှင့် တိကျစွာ ဖြင့်အရည်အသွေး ပိုင်းတွင် စီမံ ဆောင်ရွက်သွားဖို႔နည်းလမ်းများရှာဖွေ လုပ်ကိုင်သွားပါမည်။ ကြားခံကုန်သည် (trader) များကို ရောင်းချ မှုကြောင့် ယခုလို ပြသနာများ ပေါ်ပေါက်ရသဖြင့် end buyer များအထိ ချိတ်ဆက်ရောင်းချနိုင်သည့် အစီ အစဉ်များ နှင့် G to G ရောင်းချမှု အစီအစဉ်များ စီစဉ်ရန် လိုအပ်ပါသည်။  Exporter များ, ဆန်စက်ပိုင်များ အနေဖြင့်လည်း အရည်အသွေး ပိုင်းဆိုင်ရာ စီမံဆောင်ရွက်မှုကို ပို၍ ဦးစားပေး လုပ်ကိုင်သွားရန် လိုအပ် ပါသည်" ဟု ၄င်းက ရေးသားထားသည်။အာဖရိကစျေးကွက်သည် ယှဉ်ပြိုင်မှုပြင်းထန်သော စျေးကွက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပါကစ္စတန်၊ အိန္ဒိယတို့မှဆန်တင်သွင်းသည့် ကုမ္မဏီများနှင့် ဆန်တင်ပို့ရာတွင် ယှဉ်ပြိုင်မှုများလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly