မီးလောင်တဲ့ နော်တာဒမ် ဘုရားကျောင်းကြီး ပြင်ဆင်မွမ်းမံဖို့ ဝေါ့လ်ဒစ္စနေးကုမ္ပဏီကြီး ဒေါ်လာ ငါး သန်း လှူဒါန်း

မီးလောင်တဲ့ နော်တာဒမ် ဘုရားကျောင်းကြီး ပြင်ဆင်မွမ်းမံဖို့ ဝေါ့လ်ဒစ္စနေးကုမ္ပဏီကြီး ဒေါ်လာ ငါး သန်း လှူဒါန်း
Photo: EPA

ပါရီ၊ ဧပြီ ၁၈ ။     ။ ပါရီက မီးလောင်ခဲ့တဲ့ နော်တာဒမ် ခရစ််ယာန်ဘုရားကျောင်းကြီးကို ပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် ဝေါ့လ်ဒစ္စနေး ကုမ္ပဏီက အမေရိကန်ဒေါ်လာ ငါးသန်း လှူဒါန်းပါတယ်။

ခုသီတင်းပတ်အတွင်းမှာ မီးလောင်ပြီး ဘုရားကျောင်းကြီးရဲ့ အစိတ်အပိုင်းတစ်ချို့ ပျက်စီးခဲ့ပြီးနောက်မှာ နှစ်သက်တမ်း ၈၅၀ ရှိတဲ့ အထင်ကရ ဒီဘုရားကျောင်းကြီး ပြန်လည်ပြုပြင်ဖို့ ခုလို ကူညီလှူဒါန်းတာဖြစ်ကြောင်း ဒစ္စနေးက ဗုဒ္ဓဟူးနေ့မှာ ကြေညာတာပါ။

“နော်တာဒမ် ဘုရားကျောင်းကြီးဟာ မျှော်လင့်ချက်ရောင်ခြည်၊ အလှတရားဖြစ်တယ်။ ပါရီရဲ့ အသည်းနှလုံးနဲ့ ပြင်သစ်ရဲ့ ၀ိညာဉ်အဖြစ် ရာစုနှစ်တွေချီ ကမ္ဗည်းတင်လာခဲ့တာပဲ။ ဘုရားကျောင်းကြီးရဲ့ အနုပညာလက်ရာတွေနဲ့ ဗိသုကာဟာ အံ့သြဘနန်းဖြစ်စရာ လူ့သမိုင်းက အထင်ကရပဲ ဖြစ်ပါတယ်။”လို့ ဒစ္စနေးကုမ္ပဏီရဲ့ စီအီးအို ဘော့အီဂါက ပြောပါတယ်။

အစားထိုးမရနိုင်တဲ့ လူသားလက်ရာလို့ ဘော့အီဂါက ညွှန်းဆိုတဲ့ နော်တာဒမ် ဘုရားကျောင်းကြီး ပြန်လည်တည်ဆောက်ပြုပြင်ရေးမှာ စိတ်ထဲက လှိုက်လှိုက််လှဲလှဲ ကူညီမှာ ဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။

အလယ်ခေတ်လက်ရာ နော်တာဒမ် ဘုရားကျောင်းကြီးဟာ ဧပြီ ၁၆ ရက်က မီးလောင်မှု ဖြစ်ခဲ့တာပါ။ ဒီမီးဘေးအတွင်းမှာ ဘုရားကျောင်းကြီးရဲ့ ခေါင်ချွန်းနဲ့ အမိုးတွေ ပျက်စီးဆုံးရှုံးရပေမယ့် ခေါင်းလောင်းမျှော်စင်နှစ်ခုအပါအဝင် ပင်မအဆောက်အအုံတွေ မီးလောင်ကျွမ်းခြင်း မရှိဘဲ ငြိှမ်းသတ်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်က ဘုရားကျောင်းကြီး ပြုပြင်မွမ်းမံဖို့အတွက် အမျိုးသားရန်ပုံငွေ ကောက်ယူမှု ဆောင်ရွက်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly