ရက်စက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပေမယ့် ဂွာဒီယိုလာရဲ့ VAR အားပေးထောက်ခံမှုက ပြောင်းလဲသွားမှာ မဟုတ်

ရက်စက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပေမယ့် ဂွာဒီယိုလာရဲ့ VAR အားပေးထောက်ခံမှုက ပြောင်းလဲသွားမှာ မဟုတ်
Photos: AFP & EPA

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာက VAR (ဗီဒီယိုအကူဒိုင်) စနစ်ရဲ့ ရက်စက်တဲ့ ဆုံးဖြတ်ချက်ကြောင့် တော့တင်ဟမ်ကို အဝေးဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပေမယ့် VAR ဟာ "ဘောလုံးလောကအတွက် မျှတမှု"ကို ဖော်ထုတ်ပေးကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

စီးတီးဟာ ဗုဒ္ဓဟူးနေ့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ စပါးကို ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့ကာ နှစ်ကျော့ပေါင်း ရလဒ် ၄-၄ ဂိုးစီ သရေဖြစ်ခဲ့ပေမယ့် အဝေးဂိုး စည်းမျဉ်းကြောင့် ကွာတားအဆင့်ကနေ ၂ နှစ်ဆက်တိုက် လှည့်ပြန်ခဲ့ရပါတယ်။

စီးတီးနဲ့ စပါးတို့ပွဲစဉ်အတွင်းမှာ VAR အကူအညီနဲ့ အရေးတယူပြန်ကြည့်ရှုယူခဲ့ရတာ နှစ်ကြိမ်ရှိပြီး ဒီအခြေအနေမှာ ပါးအသင်းက မျက်နှာသာရခဲ့တယ်လို့ ဆိုရမှာပါ။

ပထမဆုံးတစ်ခုက ပွဲပြီးဖို့ ၁၇ မိနစ်အလို လော်ရန်တေးရဲ့ အဆုံးအဖြတ်ဂိုးဟာ စပိန်ကစားသမားရဲ့ လက်နဲ့ထိခဲ့တဲ့ ပုံစံရှိခဲ့ပြီး VAR စနစ်နဲ့ ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

နောက်တစ်ခုကတော့ ရာဟင်မ်စတာလင်ရဲ့ နာဂျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးဖြစ်ပြီး ကွင်းလယ်ဒိုင်က VAR စနစ်နဲ့ ပြန်လည်ကြည့်ရှုဖို့ ဆုံးဖြတ်ခဲ့ကာ အဂူရိုလူကျွံနေခဲ့လို့ ဂိုးမပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

"VAR ကို ကျနော် အားပေးထောက်ခံပါတယ်။ ကြည့်ရတာက လောရန်တေးရဲ့ သွင်းဂိုးက လက်ထိဘောဖြစ်ပါတယ်။ ရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင် ဒါက လက်ထိဘောလိုပါ။ အခြားရှုထေင့်က ကြည့်ရင်တော့ ဒိုင်လူကြီးအမြင်မှာ ဒါက လက်ထိဘောမဟုတ်ပါဘူး။"လို့ ဂွာဒီယိုလာက ပြောပါတယ်။

"ဘောလုံးလောကအတွက် မျှတမှုအတွက်ရော၊ မျှတတဲ့ဆုံးဖြတ်ချက်အတွက်ပါ ကျနော် အဆင်ပြေပါတယ်။ ဒါက လူကျွံဘောဖြစ်ရင် ဒါက လူကျွံဘောပါပဲ။ အနာဂတ်မှာနဲ့ အခုလက်ရှိမှာပင် မျှတမှုရှိလာလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။"

စီးတီးဟာ ချန်ပီယံလိဂ်ကွာတားကနေ ထွက်ခဲ့ရတာကြောင့် သူတို့ရဲ့ ဖလား ၄ လုံး အိပ်မက်လည်း အဆုံးသတ်ခဲ့ရပြီတာကြောင့် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားဖိုင်နယ်ပွဲစဉ်တွေအတွက် အာရုံစိုက်ဖို့ လိုလာပြီဖြစ်ပါတယ်။

"ဒါဟာ ခက်ခဲပါတယ်။ ဆီမီးဖိုင်နယ်ကို ရောက်ရှိဖို့ ကျနော်တို့ နီးစပ်ခဲ့တယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကတော့ ရက်စက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီဆုံးဖြတ်ချက်ကို လက်ခံပါတယ်"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly