ဘာသာရေး ၊ လူမျိုးရေး ထောင်ချောက်ထဲမဝင်ရန် ပြည်သူများကို သမ္မတ သတိပေး

ဘာသာရေး ၊ လူမျိုးရေး ထောင်ချောက်ထဲမဝင်ရန် ပြည်သူများကို သမ္မတ သတိပေး
 ဓာတ်ပုံ - သမ္မတရုံး

ရန်ကုန် ၊ ဧပြီ ၁၈ ။     ။ ဘာသာရေး ၊ လူမျိုးရေး ၊ နိုင်ငံရေး ပဋိပက္ခ ထောင်ချောက်ထဲ မဝင်ရန်လိုအပ်သည်ဟု ပြည်သူလူထုကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောဆိုလိုက်သည်။

ဧပြီလ ၁၇ ရက်နေ့(နှစ်ဆန်း တစ်ရက်နေ့)တွင်ပြောဆိုခဲ့သည့်  မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“မိမိတို့အား အာရုံပြောင်း လမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်များကိုလည်း သတိပြုကြစေလိုပါတယ်။ လှုံဆော်ဖန်တီးမှု များကိုလည်း စိတ်ခံစားမှုဖြင့် မတုံ့ပြန်မိကြရန် သတိရှိကြစေလိုပါတယ်” ဟု သမ္မတ ဦးဝင်းမြင့် ကဆိုသည်။

အစိုးရအနေဖြင့် စိန်ခေါ်မှုများ၊ အခက်အခဲ အကျပ်အတည်းများကို ပြည်သူလူထု၏ နားလည်စာနာမှု ၊ ပူးပေါင်းပါဝင် ကူညီမှုများနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ၄င်းက ပြောဆိုခဲ့သည်။

လက်ရှိတွင် ရရှိပြီးဖြစ်သည့် အောင်မြင်မှုများကို ကျေနပ်နေမည်မဟုတ်ဘဲ ပြည်သူလူထုအကျိူးစီးပွားကို ရှေ့ရှုပြီး ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း သမ္မတ၏ မိန့်ခွန်းတွင် ပြောဆိုထားသည်။

တစ်ချို့သော ကဏ္ဍများတွင် ပြည်သူများ ဖြစ်စေချင်သည့် ဆန္ဒများနှင့် မျှော်လင့်သလို မဖြစ်သေးခြင်းများ ၊ အစိုးရ၏ ဆောင်ရွက်များကို အားမလိုအားမရ ဖြစ်နေသည့် အရာများကို အလေးထား သုံးသပ်ပြီး လုပ်ဆောင် သွားမည်ဟုလည်း သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

သို့သော်လည်း ယင်းသို့ဆောင်ရွက်ရာတွင် “တည်ငြိမ်မှုကိုလည်း မထိခိုက်စေ ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ” ဆိုသည့် နည်းလမ်းအတိုင်းပဲ ကျင့်သုံးသွားမည်ဟု သမ္မတက ဆိုသည်။

အစိုးရအဖွဲ့အနေဖြင့် ကာလရှည်ကြာ စွဲကပ်နေသည့် အဂတိလိုက်စားမှုများကို အတိုင်းအတာတစ်ခုအထိ ထိရောက်အောင်မြင်အောင် ကာကွယ်တိုက်ဖျက်နိုင်ခဲ့ပြီး အဂတိလိုက်စားမှုများကို ကျောသားရင်သား မခွဲခြားဘဲ အရေးယူဆောင်ရွက်ခဲ့သည်ဟု သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required