မိခင်မှာ ကူးစက်တတ်တဲ့ ရောဂါပိုးတွေရှိနေရင် ကလေးနို့တိုက်လို့ရလား

မိခင်မှာ ကူးစက်တတ်တဲ့ ရောဂါပိုးတွေရှိနေရင် ကလေးနို့တိုက်လို့ရလား

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

   

ရင်သွေးလေးတွေ မွေးဖွားပြီးရင် မိခင်နို့တိုက်ကျွေးရတာထုံးစံပါ။ သူတို့လေးတွေ အတွက် မိခင်နို့ကနေသာ အာဟာရတွေ အပြည့်ရနို်င်တာမဟုတ်လား။ ဒါပေမယ့် မိခင်မှာ ကူးစက်တတ်တဲ့ရောဂါတစ်ခုခု ရှိနေပြီဆိုရင် ရောဂါပိုးတွေက မိခင်နို့ထဲကနေ ကလေးဆီကို ရောက်သွားနို်င်တာကြောင့် ကလေးနို့တိုက်လို့ ရပါဦးမလား။
ဘယ်လို ရောဂါရှိနေတဲ့ မေမေတို့ ကလေးကို နို့တိုက်လို့မရဘူးလဲ။ ဘယ်သူတွေကရလဲ ။ ။

မေမေတို့ ဖျားတဲ့အချိန်၊ တုပ်ကွေးမိနေတဲ့ အချိန်ကလေးကို နို့တို်က်ရင် ကလေးဆီကို အဖျားမကူးစက်နို်င်ပါဘူး။ နို့ချောင်းပိတ်လို့ ပိုးဝင်ပြီး နို့အုံရောင်နေတဲ့အချိန် နို့တိုက်ရင်တောင် အဲဒီ ပိုးတွေ ကလေးဆီမရောက်နိုင်ပါဘူး။

ဒါပေမယ့် မိခင်မှာဖြစ်နေတဲ့ တစ်ချို့ ကူးစက်ရောဂါပိုးတွေက နို့ထဲကတစ်ဆင့် ကလေးဆီကို ရောက်သွားတတ်ပါတယ်။ ဘယ်လို ကူးစက်ရောဂါတွေများလဲ ။ ။

 HIV( AIDS ) – ဒီ HIV ဗိုင်းရပ်စ်ပိုးဟာ ရောဂါဖြစ်နေတဲ့ မိခင်ကနေ ကလေးဆီကို နို့က တစ်ဆင့်ရောက်သွားနိုင်တာကြောင့် ဒီလို ရောဂါခံစားနေရတဲ့ မိခင်တွေ ကလေးကို လုံးဝနို့မတိုက်သင့်ပါဘူး။
 TB ( တီဘီရောဂါ) – တီဘီရောဂါဖြစ်နေတယ် ဆေးကုသမှုလည်း မခံယူထားရသေးဘူးဆိုရင် ကလေးကို မိခင်နို့မတိုက်တာ အကောင်းဆုံးပါ။ တီဘီဆေးသောက်နေတာ ၂ ပတ်လောက်ရှိပြီ ကူးစက်နိုင်မှု မရှိတော့ဘူးလို့ ယူဆရတဲ့  အခါကျရင် မိခင်နို့တိုက်လို့ရပါပြီ။ ကလေးနဲ့ တိုက်ရိုက်ထိတွေ့လို့ ကူးစက်မှာစိုးရင် ညှစ်ထားတဲ့ မိခင်နို့ကို တိုက်လို့ရပါတယ်။
    အသည်းအရောင် အသားဝါ A ပိုး– သွေးကနေတစ်ဆင့် ကူးစက်တာ မဟုတ်ဘဲ အစားအသောက်တွေ၊ ဝမ်းတွေကနေ ကူးစက်တာကြောင့် အသည်းရောင် အသားဝါ A ပိုး ကူးစက်ခံနေတဲ့ မိခင်တွေ ကလေးကို နို့တိုက်လို့ရပါတယ်။ ကလေးကို မထိတွေ့ခင်မှာ လက်ဆေးဖို့တော့လိုတာပေါ့။
    အသည်းရောင် အသားဝါ B ပိုး၊ – အသည်းရောင် အသားဝါ B ပိုးက နို့ရည်ထဲမှာ ရှိနေနိုင်ပါတယ်။ မတိုက်ဘဲနေတာ အကောင်းဆုံးပါ။ မိခင်ရဲ့ သည်းအရောင်အသားဝါ B ပိုးဟာ ကလေးဆီကို မွေးလမ်းကြောင်းကနေ မီးဖွားတဲ့အချိန်မှာ ကူးစက်သွားတတ်တဲ့အတွက်ကြောင့် မွေးပြီးပြီးချင်း ကလေးကို B ပိုး ကာကွယ်ဆေးထိုးပေးထားသင့်ပါတယ် ။ ကာကွယ်ဆေးထိုးပြီးသွားပြီဆိုရင်တော့ မိခင်နို့်တိုက်ချင် တိုက်လို့ရပါတယ်။ ဆရာဝန်နဲ့ တော့အရင်တိုင်ပင်ပါ။
    အသည်းရောင် အသားဝါ C ပိုုး၊ – အသည်းရောင် အသားဝါ C ပိုး က မိခင်နို့ကနေ ကလေးဆီကို မရောက်နိုင်တဲ့အတွက် နို့တိုက်လို့ရပါတယ်။ ဒါပေမယ့် အသည်းရောင်အသားဝါ C ပိုး ဆိုတာ သွေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဆိုတာ အားလုံးသိကြမှာပါ။ ဒါ့ကြောင့် C ပိုးရှိနေတဲ့ မိခင် နို့သီးခေါင်းကွဲနေတာ ၊နို့အုံမှာ အနာဖြစ်နေတာမျိုးဆို ကလေးကို နို့မတိုက်သင့်ပါဘူး ဘာအနာမှ ရှိမနေဘူးဆိုရင်တော့ နို့တိုက်လို့ရပါတယ်။
    ရေယုံရောဂါ – နို့အုံမှာ ရေယုံအနာတွေ ရှိမနေရင် ရေယုံရောဂါပိုးရှိနေတဲ့ မိခင်တစ်ယောက်က ကလေးကို နို့တိုက်လို့ရပါတယ်။ ညှစ်ပြီးသားနို့ကို ထုတ်ထားပြီး ကလေးကို တိုက်လို့လည်းရပါတယ်။
    ရေကျောက် – မိခင်ရေကျောက်ဖြစ်နေရင် မိခင်ရဲ့ နို့ထဲမှာ Chicken Pox ဗိုင်းရပ်စ်ပိုးကို အနိုင်တိုက်တဲ့ ပဋိပစ္စည်းတွေ တောင်ပါလာနိုင်တာကြောင့် ရေကျောက်ဖြစ်နေတဲ့ မိခင်တစ်ယောက်က ကလေးကို နို့တိုက်လို့ရပါတယ်။ ဒါပေမယ့် ရေကျောက်ဆိုတာ လေထဲကနေတစ်ဆင့် လျှင်မြန်စွာ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် ကလေးနဲ့ တိုက်ရိုက် မထိတွေ့အောင်လို့ ညှစ်ထုတ်ပြီးသားနို့ကိုပဲတိုက်ပါ။ ဆေးကုသမှုသေချာခံယူပြီး ကူးစက်မှု အမြင့်ဆုံး အချိန်ဖြစ်တဲ့ ၂ ပတ်ကို ကျော်လွန်သွားရင်တော ့ကလေးနဲ့ ထိတွေ့လို့ရပါပြီ။ ။
    Lyme disease – ဒီလို မွှားတွေ၊ သန်းတွေရဲ့ ဗိုင်းရပ်စ်ကနေ ကူးစက်တတ်တဲ့ Lyme disease ရှိတဲ့ မိခင်ဟာ ကလေးကို နို့တိုက်လို့ရပါတယ်။

ဒီတော့ ကူးစက်ရောဂါတိုင်းဟာ မိခင်နို့ကနေဖြတ်ပြီး မိခင်ကနေ ကလေးဆီကို မရောက်နို်င်ပါဘူး။ တစ်ခုရှိတာက ကိုယ့်မှာလည်း ကူးစက်တတ်တဲ့ရောဂါတွေရှိနေတယ် ကလေးကိုလည်း နို့တိုက်ချင်တယ်ဆိုရင် ဆရာဝန်နဲ့ အရင်ဆုံးဆွေးနွေးပြီးမှ နို့တိုက်တာ အကောင်းဆုံးပါ ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly