လေထုညစ်ညမ်းခြင်းနဲ့ ကျန်းမာရေး

လေထုညစ်ညမ်းခြင်းနဲ့ ကျန်းမာရေး

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ခုတစ်လော သတင်းတွေထဲ မကြာခဏ ပါနေတဲ့ ထိုင်းမှာ လေထုညစ်ညမ်းမှု ဖြစ်နေတဲ့ဆိုတဲ့ သတင်းတွေ ကြားမိကြမှာပါ။ မော်တော်ယာဉ်တွေများပြားလာမှု၊ အပင်တွေရှားပါးလာမှုတို့နဲ့ စက်ရုံတွေ များပြားလာမှုကြောင့် ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်နေရပါတယ်။

လေထုသန့်စင်မှုတိုင်းတာချက်အရ ချင်းမိုင်မြို့ရဲ့လေထုညစ်ညမ်းမှုနှုန်းက ညစ်ညမ်းမှု အမြင့်ဆုံးဖြစ်တဲ့  အမှတ်ထက်တောင် အများကြီးကျော်လွန်နေပြီး လေထုညစ်ညမ်းမှု အများဆုံး ပထမနေရာအဖြစ်ရပ်တည်နေပါတယ်။. သူ့နောက်မှာရှိတာက တရုတ်နိုုင်ငံပါ။ နှစ်နိုင်ငံလုံးက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တာကြောင့် လေထုညစ်ညမ်းမှုဟာ ကိုယ့်နိုင်ငံဆီ ရောက်မလာဘူးလို့ မပြောနိုင်ဘူးလေ။

ဒီတော့ လေထုညစ်ညမ်းရင် ဘယ်လိုကျန်းမာရေး ပြဿနာတွေ ဖြစ်တတ်လဲဆိုတာ သိထားဖို့ လိုနေတာပေါ့။
လေထုညစ်ညမ်းတယ်ဆိုတာဘာလဲ ။ ။

လေထုထဲမှာ သက်ရှိလူသားတိရိစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင် လောကကို ဒုက္ခဖြစ်စေနိုင်တဲ့ အမှုန်အမွှားတွေ၊ ဓာတ်ငွေ့တွေ ပါတာကို ပြောတာပါ။ ဒါတွေကို လေထုညစ်ညမ်းပစ္စည်း air pollutants လို့ခေါ်ပါတယ်။ ဒီ air pollutants တွေဟာ သဘာဝတရားကြီးဆီကနေလာတာနည်းပြီး လူတွေကြောင့် ဖြစ်တဲ့ စက်ရုံ၊အလုပ်ရုံ၊ မော်တော်ကားဓာတ်ငွေ့ကြောင့် နဲ့ စိုက်ပျိုးလုပ်ငန်းကြီးတွေဆီကနေ လာတာများပါတယ်။
ကျန်းမာရေးအပေါ် လေထုညစ်ညမ်းခြင်းရဲ့ သက်ရောက်မှု ။ ။

လေထုညစ်ညမ်းတာကြောင့် ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေဟာ အသက်ကြီးတဲ့သူတွေ၊ ကလေးတွေ၊ နဂိုရောဂါ အခံတစ်ခုခုရှိနေတဲ့သူတွေ ၊ခုခံအားကျဆင်းနေတဲ့သူတွေ မှာ အဖြစ်များပြီး ပိုပြင်းထန်တတ်ပါတယ်။
( ၁ ) Air pollutants လေထုညစ်ညမ်းပစ္စည်း

 လေထုညစ်ညမ်း ပစ္စည်းတွေကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ချောင်းဆိုးတာ၊ လေပြွန်ရောင်တာနဲ့ ပန်းနာရင်ကြပ်ရောဂါ စတာတွေပဲ ဖြစ်ပါတယ်။  
( ၂ ) Air toxics လေထု အဆိပ်သင့်ခြင်း

လေထု အဆိပ်သင့်တယ်ဆိုတာ လေထုထဲမှာ Air pollutants တွေ များများသိပ်သည်းလာခြင်းရဲက အဆိုးဆုံး အဆင့်ပဲဖြစ်ပါတယ်။ ဒီအခြေအနေထိရောက်သွားတာရှားတယ်ဆိုပေမယ့် သူဖြစ်ခဲ့ရင် သက်ရှိလူသားတွေနဲ့ အပင်တိရိစ္ဆာန်တွေ အားလုံးကိုသူက ဒုက္ခပေးမှာပါ။

လေထုအဆိပ်သ့င့်ခြင်းကို ဖြစ်စေတဲ့အဓိက တရားခံတွေကတော့

    လောင်စာသုံး စက်တပ်မော်တော်ယာဉ်တွေ
    ထင်းမီးခိုးငွေ့
    ကျောက်မီးသွေးတွင်း၊ ရေနံတွင်းတွေကနေထွက်တဲ့ ဂတ်စ်ဓာတ်ငွေ့တွေ
    အိမ်အသစ်တွေမှာ တွေ့ရတဲ့ အိမ်သုတ်ဆေး တွေနဲ့ ပတ်တီးလို့ခေါ်တဲ့ဆေးညီအောင် ညှိတဲ့ ဆေးတွေကလည်း လေထု အဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။

( ၃ ) -ဖုန်မှုန့်

ပတ်ဝန်းကျင်မျာရှိတဲ့ ဖုန်မှုန့်တွေ၊ သဲတွေကလည်း လေထုညစ်ညမ်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေထဲက တစ်ခုပါ။
( ၄ ) သစ်ရွက်မီးရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်း

သစ်ရွက်တွေ အမှိုုက်တွေကို မီးရှို့ပြီး အပူူလှုံကြတဲ့ ဓလေ့ဟာ ခုနောက်ပိုင်း အတော်လေးကို ရေပန်းစားလာတဲ့ အရာတစ်ခုပါ။ အမှိုက်လည်းရှင်း အပူလည်းရတယ် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေ့ါ။ ဒါပေမယ့် နောက်မှာ မပြတ်ဘဲ တန်းလန်းပါလာမယ့်အရာကတော့ လေထုညစ်ညမ်းမှုပါ။ ဒီလို သစ်ရွက်တွေကို မီးရှို့ရာကနေထွက်လာတဲ့ ဓာတ်ငွေ့ကို ရှူမိရင်

    ပန်းနာရင်ကြပ်ရှိတဲ့သူတွေရဲ့ ဝေဒနာတွေ ပိုဆိုးလာမယ်
    ချောင်းခဏခဏဆိုးနေပြီး အသက်ရှူရကြပ်လာမယ်
    မျက်လုံး၊ နှာခေါင်းနဲ့ လည်ချောင်းစပ်မယ်
    ဒီလို မီးရှို့ရာကထွက်လာတဲ့ မီးခိုးငွေ့ဟာ ရေကိုလည်း ညစ်ညမ်းစေတယ်။

အထူးသဖြင့် ဆောင်းရာသီနဲ့ နွေဦးရာသီမှာဆို ဒီလို သစ်ရွက်ပုံတွေကို မီးရှို့ပြီး အပူလှုံလေ့ရှိပါတယ် ။ ။၏
( ၅ ) Legionnaires’ disease

Legionnaires’ disease ဆိုတာ ပတ်ဝန်းကျင်မှာရှိတဲ့ Legionella ဘက်တီးရီးယားကို ရှူလိုက်ရာကနေဖြစ်တဲ့ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ အဆုတ်ပိုးဝင်ခြင်းတစ်မျိုးပါ။ သူတို့ဟာ ညစ်ညမ်းနေတဲ့လေထုထဲမှာ ပိုအသက်ရှင်နိုင်ကြပြီး ခုံခံအားနည်းနေတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဆီကို ဝင်တာများပါတယ်။

အချုပ်ပြန်ပြောရရင် အသက်တစ်ချက်ရှူလိုက်တိုင်း ရောဂါဖြစ်အောင် တွန်းပို့ပေးနေတဲ့လေတွေ ကိုယ်ထဲဝင်ဝင်လာတာလောက် ကြောက်စရာကောင်းတဲ့ အရာမရှိပါဘူး။ ဒါကြောင့် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ အပင်များများစိုက်ပါ။ လေထုညစ်ညမ်းမှုကို လျှော့ချတဲ့ အနေနဲ့ လမ်းခဏလောက်လျှောက်လိုက်ရင် ရောက်မယ့်နေရာကို ဆိုင်ကယ်တွေ ကားတွေသုံးပြီး မသွားပါနဲ့ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly