လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကို သည်းခံရန်ခက်ခဲဟု AA စစ်ဦးစီးချုပ် ဆို

လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကို သည်းခံရန်ခက်ခဲဟု AA စစ်ဦးစီးချုပ် ဆို

ရန်ကုန်၊ ဧပြီလ ၁၇ ။     ။ ရက္ခိုင့်တပ်(AA) အနေဖြင့် ထိုးစစ် ပုံစံ မပြုလုပ်သော်လည်း တပ်မတော်ဘက်မှ နေ့စဉ်ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကို သည်းခံရန်ခက်ခဲသည်ဟု ရက္ခိုင့်တပ်(AA)မှ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ ၀”ဒေသ ငြိမ်းချမ်းရေးလက်မှတ်ထိုးမှု နှစ် ၃၀ ပြည့် အခမ်းအနားကျင်းပနေသော ပန်ဆန်း၌ ဧပြီလ ၁၇ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ၄င်းက ပြောခဲ့ခြင်း ဖြစ်သည်။

" သူတို့(တပ်မတော်)ဘက်က ပြောတာကတော့ ကျွန်တော်တို့ဘက်ကနေ ထိုးစစ်ပုံစံမျိုးမလှုပ်ရှားဖို့ပေါ့။ သူ(တပ်မတော်ဘက်မှ)ကတော့ ပြောပါတယ်။ ကျွန်တော်တို့ကလည်း အခြေအနေမှန်ကို ပြောပြခဲ့တာပေါ့။ ကျွန်တော်တို့ ဘက်ကတော့ ထိုးစစ်တော့ မလုပ်ဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ မနက်မိုးလင်းတာနဲ့ လက်နက်ကြီးက ကျွန်တော်တို့ တောင်ကုန်းပေါ်ကို တဒိန်းဒိန်းလာနေပြီဆိုတော့ ကျွန်တော်တို့ကတော့ ဒီအတိုင်းထိုင်ပြီးမှ သီးခံနေဖို့ နည်းနည်းအခက်ခဲရှိတယ်။ ဒါကြောင့် အဲ့ဒီဘက်ကိုလည်းပဲ ရန်မစဖို့ပေါ့ဗျာ။  အဲ့ဒါကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့တယ်။ " ဟု ရက္ခိုင့်တပ်(AA)မှ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

လက်ရှိ သင်္ကြန်ကာလတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆုတောင်းမှုများပြုလုပ်နေသည့်အပေါ်ကိုလည်း ငြိမ်းချမ်းရေးဆိုသည်မှာ ဆုတောင်းနေ၍မရနိုင်ဘဲ တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် မရသရွေ့ငြိမ်းချမ်းရေးကို ရရှိနိုင်မည်မဟုတ်ကြောင်း တပ်မတော်ဘက်သို့ ရက္ခိုင့်တပ် အနေဖြင့် ပြောခဲ့ ကြောင်း သိရသည်။

"အခုဆိုရင် ကျွန်တော်တို့ မြန်မာရိုးရာပွဲလေ၊ ဗုဒ္ဓဘာသာ ရိုးရာအရဆိုရင် သင်္ကြန်အခါသမယဖြစ်တယ်။ ပြည်သူတွေကို ကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက် လူတွေ ဆုတောင်းနေတာလည်း ကြားတယ်ပေါ့လေ။ ကျွန်တော်လည်း တကယ်ဆန္ဒပြုပါတယ်။ ငြိမ်းချမ်းဖို့အတွက်ပေါ့။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတာက ဆုတောင်း နေလို့ မရဘူး။ တိုင်းရင်းတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရရင်တော့ ငြိမ်းချမ်းရေးဖို့ အခက်အခဲ ရှိတယ်ဆိုတဲ့ ကိစ္စကိုလည်းပဲ ကျွန်တော်ပြောပြခဲ့ပါတယ်"ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

" စစ်ဆိုတာကတော့ ကောင်းတဲ့ စစ်ပွဲဆိုတာကတော့ မရှိပါဘူး။ မရှောင်လွဲနိုင်တဲ့အနေအထားမှာတော့ ကျွန်တော်တို့ တိုက်ကြရတာပဲလေ။ ဒါကြောင့် ကျွန်တော်တို့မှာလည်း ရှိတာလေးနဲ့တော့ အကောင်းဆုံး ခုခံတာပေါ့"ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းမှစပြီး လက်ရှိအချိန်အထိ AA နှင့် တပ်မတော်ကြား တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly