မကွေး သရက်အကျဉ်းထောင်မှ ၃၉ ဦး လွတ်၊ မူးယစ်မှုမှ ၂၂ ဦး ပါဝင်

မကွေး သရက်အကျဉ်းထောင်မှ ၃၉ ဦး လွတ်၊ မူးယစ်မှုမှ ၂၂ ဦး ပါဝင်

မကွေး၊ ဧပြီ ၁၇ ။    ။ မကွေးတိုင်းဒေသကြီး၊ သရက်အကျဉ်းထောင်မှ နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဧပြီ ၁၇ ရက်နေ့ (နှစ်ဆန်း တစ်ရက်နေ့) နေ့လယ် ၁နာရီ ၄၅ မိနစ်ခန့်က အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၃၉ ဦး လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ယနေ့ လွတ်မြောက်သူများမှာ ရဲတရားရုံးနှင့် စစ်ခုံရုံးမှ ထောင်ကျသူ ကျား ၁၆ ဦး၊ မူးယစ်မှုမှ ကျား ၁၇ ဦး၊ မ ၅ ဦး နှင့် သြစတေးလျနိုင်ငံသား ခံယူထားသူ ကျား ၁ ဦးတို့ဖြစ်ကြောင်း သရက်အကျဉ်းထောင် ထောင်ပိုင်ကြီး ဦးသိန်းလွင်က ပြောသည်။

“ အခုလို မြန်မာနှစ်သစ်ကူး မင်္ဂလာအခါမှာ နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ ဝမ်းသာလှပါတယ်၊ ပီတိ ဖြစ်ရပါတယ်။ ဒီနေ့ လွတ်တာက နိင်ငံခြားသားတစ်ဦးအပါအဝင် ၃၉ ဦး လွတ်မြောက်ပါတယ်” ဟု ထောင်ပိုင်ကြီးက ဆိုသည်။

နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား/သူ (၉၅၃၅) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်း သတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်၊ ၁၃ /၂၀၁၉ ဖြင့် ဧပြီလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်ဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်း စေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသူ နိုင်ငံသူ/သား ၉၅၃၅ ဦး လွှတ်ပေးခြင်းဖြစ်ပြီး နိုင်ငံခြားသား ၁၆ ဦး ပါဝင်ကြောင်းသိရသည်။

၂၀၁၈ ခုနှစ်က သမ္မတအမိန့်ဖြင့် တစ်နိုင်ငံလုံးမှ အကျဉ်းသား ၈၄၉၀ ဦး လွတ်ငြိမ်းဖြင့် လွှတ်ပေးခဲ့ပြီး မူးယစ်ပုဒ်မ ဖြင့် ၆၃၆၂ ဦး၊ တပ်မတော်အက်ဥပဒေဖြင့် ၁၈၈၀ ဦး၊ AAPP နိုင်ကျဉ်း ၃၆ ဦး  တို့ ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly