မန္တလေး အိုးဘိုအကျဉ်းထောင်မှ ၄၃၇ ဦး လွတ်ငြိမ်းဖြင့် လွှတ်၊ မူးယစ်မှုမှ အများဆုံးပါဝင်

မန္တလေး အိုးဘိုအကျဉ်းထောင်မှ ၄၃၇ ဦး လွတ်ငြိမ်းဖြင့် လွှတ်၊ မူးယစ်မှုမှ အများဆုံးပါဝင်
(ဓာတ်ပုံ၊ အောင်ခိုင်မြဲ၊မဇ္ဈိမ)

မန္တလေး၊ ဧပြီ ၁၇ ။      ။ မန္တလေးဗဟို အကျဉ်းထောင်(မန္တလေး)မှ အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၄၃၇ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ပြီး ထက်ဝက်ခန့်မှာ မူးယစ်မှုဖြင့် ကျခံနေရသူများ ဖြစ်သည်။

"ဒီနေ့လွတ်တာကတော့ အသက်အရွယ်ပေါင်းစုံပါတယ် ။ ငယ်တဲ့သူရော အသက်အရွယ်ကြီးတဲ့သူရော ပါ ပါတယ် ။ ငါးဆယ်ရာခိုင်နှုန်းကတော့ မူးယစ်မှုနဲ့ ကျခဲ့တဲ့သူတွေ ပါတယ်။" ဟု ဗဟိုအကျဉ်းထောင် (မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောသည်။

နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား/သူ (၉၅၃၅) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်း သတ်မှတ် ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်၊ ၁၃ /၂၀၁၉ ဖြင့် ဧပြီလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတအမိန့်ဖြင့် အိုးဘိုမှ လွတ်မြောက်သူများတွင် အကျဉ်းသား ၃၉၈ ဦး၊အကျဉ်းသူ ၃၉ ဦး လွတ်မြောက်ပြီး ၎င်းတို့ထဲတွင် နိုင်ငံခြားသား ၃ ဦး ပါဝင်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသူ ၉၅၃၅ ဦး လွှတ်ပေးခြင်း ဖြစ်ပြီး နိုင်ငံခြားသား ၁၆ ဦး ပါဝင်ကြောင်း သိရသည်။

ကျန်ရှိနေသည့် အကျဉ်းသား၊အကျဉ်းသူများလည်း စနစ်တကျ စီစစ်ကာ လွတ်ငြိမ်းသက်သာခွင့်အား ဆက်လက်ပေးအပ်သွားမည်ဟု သမ္မတ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ယမန်နှစ်က တစ်နိုင်ငံလုံးမှ အကျဉ်းသား ၈၄၉၀ ဦး လွတ်ငြိမ်းဖြင့် လွှတ်ပေးခဲ့ပြီး မန္တလေးဗဟိုအကျဉ်းထောင်မှ အမျိုးသား အကျဉ်းသား ၄၂၈ ဦး၊ အမျိုးသမီးအကျဉ်းသူ ၃၂ ဦး၊ ထုံးဘိုကုန်ထုတ်လုပ်ရေးစခန်းမှ ၈၁ ဦး စုစုပေါင်း ၅၄၁ ဦး လွှတ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly