မန္တလေးတွင် သင်္ကြန်ကာလအတွင်း လူ ၃၁ ဦး သေဆုံး၊ ၅ဝ၈ ဦး ဒဏ်ရာရ

မန္တလေးတွင် သင်္ကြန်ကာလအတွင်း လူ ၃၁ ဦး သေဆုံး၊ ၅ဝ၈ ဦး ဒဏ်ရာရ
ဓာတ်ပုံ- မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဧပြီလ ၁၇ ။      ။ မန္တလေးတိုင်းဒေသကြီးနယ်မြေ၌ သင်္ကြန်ကာလ ၄ ရက်အတွင်း ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှုနှင့် သေမှု သေခင်းဖြစ်စဉ်များအရ လူ ၃၁ ဦးသေဆုံးခဲ့ပြီး ၅ဝ၈ ဦး အထိ ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ သေဆုံးသူအရေအတွက်နှင့် ဒဏ်ရာရသူများမှာ ဧပြီလ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နေ့များ အတွင်း မန္တလေးဆေးရုံ၊ ပြင်ဦးလွင်ဆေးရုံ၊ မီတ္ထီလာဆေးရုံ၊ ကျောက်ဆည်ဆေးရုံ၊ မြင်းခြံဆေးရုံ၊ ရမည်းသင်း ဆေးရုံ၊ ညောင်ဦးဆေးရုံများသို့ ရောက်ရှိလာသောအရေအတွက်ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့ မှ ဧပြီလ ၁၇ ရက်၊ နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်(သင်္ကြန်အကြိုနေ့)က ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီး ၅ ဦးဒဏ်ရာရရှိခဲ့ပြီး ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့)က ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသား ၃၈ ဦးနှင့် အမျိုးသမီး ၅ ဦးဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်တိုက်မှုကြောင့် အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၉ ဦး သေဆုံးခဲ့သည်။ သေမှုသေခင်းအရ ၄ ဦး သေဆုံးခဲ့သည့်အတွက် မန္တလေးတိုင်းအတွင်း ဧပြီလ ၁၄ ရက်နေ့တွင် စုစုပေါင်း လူ ၁၃ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ဧပြီလ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင်လည်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၁၇ ဦးဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၁ ဦး သေဆုံးခဲ့ ကြောင်း၊ သေမှုသေခင်းအရ ၅ ဦး သေဆုံးခဲ့ခြင်းဖြစ်သည့် အတွက် ဧပြီလ ၁၅ ရက်နေ့တွင် စုစုပေါင်း လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့)က ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသား ၈၅ ဦးနှင့် အမျိုးသမီး ၁၉ ဦးဒဏ်ရာ ရရှိခဲ့ကာ အမျိုးသား ၂ ဦးသေဆုံးခဲ့သည်။ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၆ဝ ဦး၊ အမျိုးသမီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ၃ ဦး သေဆုံးခဲ့ကာ သေမှုသေခင်းအရ ၃ ဦး သေဆုံးခဲ့သည်။

ထို့ကြောင့် ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့)တွင် စုစုပေါင်း လူ ၈ ဦးသေဆုံးခဲ့ပြီး ၁၉၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly