ရေကစားပြီး အပြန်လမ်း၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူ ၁၈ ဦး ဒဏ်ရာရ

ရေကစားပြီး အပြန်လမ်း၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူ ၁၈ ဦး ဒဏ်ရာရ
ဓာတ်ပုံ-လှိုင်ဘွား(မြို့သစ်)

မကွေး၊ ဧပြီ ၁၆ ။    ။ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ဘုန်းတော်ပြည့်ကျေးရွာအနီး ရေကစားပြန်လာသော ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်၂၅ ဦးအနက် ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း နတ်မောက်ရဲစခန်းမှ သိရသည်။

ဧပြီလ ၁၅ ရက်နေ့(မဟာသင်္ကြန်အကြတ်နေ့) ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က နတ်မောက်မြို့နယ်၊ ယင်းချောင်း(နတ်မောက်ချောင်းသာ) သို့ ရေကစားပြီးအပြန် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

၄င်းဖောကားမော်တော်ယာဉ်သည် ကားလမ်းအကွေ့တွင် ယာဉ်မောင်း ဝေယံ(သ)၂၄ နှစ်(ဘ)ဦးဝင်းမြင့်၊ထောက်ကြံ့ကွင်းကျေးရွာ၊ တောင်တွင်းကြီးမြို့ နေထိုင်သူမောင်းနှင်သော ၅/င-၇၅၁၄ နံပါတ်ပါ ဖောကားအပြာရောင်ယာဉ်သည် တောင်တွင်းကြီးမြို့နယ်၊ စစ်တားကျေးရွာမှ လူ ၂၅ ဦးခန့်အား တင်ဆောင်လာပြီး ယင်းချောင်းထဲမှ ရေကစားပြီးအပြန် တိမ်းမှောက်ခဲ့သဖြင့်  လိုက်ပါလာသူ ၂၅ ဦးအနက် ၁၈ ဦးမှာ ဒဏ်ရာများရရှိသွားခဲ့သည်။

အဆိုပါ ဒဏ်ရာရရှိသူများအား ရဲဆေးစာပြုလုပ်၍ နတ်မောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယာဉ်မောင်း ဝေယံမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် နတ်မောက်ရဲစခန်းမှ နယ်ထိန်း တပ်ဖွဲ့များက အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး နတ်မောက်မြို့ မြို့မရဲစခန်းမှ ယာဉ်မောင်း ဝေယံအား နတ်မောက်ရဲစခန်း ယာဉ်(ပ) ၁၁/၂၀၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၃၇/၃၃၈/၂၀၂ ဖြင့် အမှုရေးဖွင့်ပြီး အမှုအား ဒုရဲအုပ်သောင်းလှမှ စစ်ဆေး ဆောင်ရွက်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly